နှလုံးရောဂါ

May 7, 2019

ပေါ်တိုဂိုးသမား ကားဆီးလက်စ် နှလုံးရောဂါ သက်သာ၍ ဆေးရုံကဆင်း

စပိန်ဂိုးသမား ကားဆီးလက်စ်ဟာ နှလုံးရောဂါ သက်သာလာလို့ ဆေးရုံကနေ ဆင်းရပြီဖြစ်ပေမယ့် ဘယ်အချိန် ဘောလုံးပြန်ကစားနိုင်မလဲဆိုတာ မသိရသေးပါဘူး။ အသက် ၃၇ နှစ်ရှိ ပေါ်တိုဂိုးသမား ကားဆီးလက်စ်ဟာ မေလ ၁ ရက်က လေ့ကျင့်ခန်းဆင်းနေချိန် နှလုံးရောဂါဝေဒနာ ခံစားခဲ့ရတာကြောင့် အရေးပေါ်ကုသခဲ့ရတာ ဖြစ်ပါတယ်။ မေလ ၆ ရက်နေ့က ဆေးရုံကနေ ပြန်ဆင်းလာပြီးနောက် သတင်းထောက်တွေကို ပြောကြားရာမှာတော့ သူ့အနေနဲ့ လက်ရှိအချိန်မှာ နှလုံးကျန်းမာရေး ပြန်ကောင်းလာပြီဖြစ်ပေမယ့်  တပတ်၊ နှစ်ပတ် ဒါမှမဟုတ် လပိုင်းအထိ ဆက်လက်အနားယူဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ ဘောလုံးပြန်ကစားနိုင်မလဲဆိုတာ သူကိုယ်တိုင်လည်း မသိရသေးဘူးလို့ ဆေးရုံကဆင်းဆင်းချင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆေးရုံ တာဝန်ရှိသူတွေနဲ့ အားပေးတာတွေ ပြုလုပ်ခဲ့ကြတဲ့ ပေါ်တိုမြို့က လူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ကားဆီးလက်စ်က ပြောပါတယ်။ ပေါ်တိုအသင်းကတော့ ထပ်ဖြစ်မယ်ဆိုရင် အသက်အန္တရာယ် ရှိနိုင်တာကြောင့် စာချုပ်တနှစ်သက်တမ်း ရှိသေးပေမယ့် ကားဆီးလက်စ်ကို အနားပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
2 years Ago

May 2, 2019

ပေါ်တိုဂိုးသမား ကားဆီးလက်စ် နှလုံးရောဂါကြောင့် အရေးပေါ် ဆေးရုံတက်

ပေါ်တိုဂိုးသမား ကားဆီးလက်စ်ဟာ နှလုံးဖောက်တဲ့ဝေဒနာ ခံစားရတာကြောင့် အရေးပေါ် ဆေးရုံတက်ခဲ့ရပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့ သိရပါတယ်။ စပိန်ဂိုးသမားကြီး ကားဆီးလက်စ်ဟာ ဗုဒ္ဓဟူးနေ့က ပေါ်တိုအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေရင်း နှလုံးဖောက်ခဲ့တာကြောင့် ဆေးရုံကို အရေးပေါ်တင်ပို့ပြီး ကုသခဲ့ရတာပါ။ အသက် ၃၇ နှစ်ရှိ ကားဆီးလက်စ်အနေနဲ့ လက်ရှိအချိန်မှာတော့ သူ့ရဲ့ နှလုံးအခြေအနေက ပုံမှန်ပြန်ဖြစ်လာပြီမို့ စိုးရိမ်စရာ မရှိတော့ဘူးလို့ ပေါ်တိုအသင်းက သတင်းထုတ်ပြန်ထားပါတယ်။ ကားဆီးလက်စ်ဟာ လေ့ကျင့်ရေးကွင်းမှာ နှလုံးဖောက်ဝေဒနာ ခံစားခဲ့ရလို့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ပြီး သူ့ကို CUF ပေါ်တိုဆေးရုံမှာ တင်ပို့ကုသခဲ့ကြောင်း၊ သူ့ရဲ့ နှလုံးဖောက်မှုကို ဖြေရှင်းခဲ့ပြီးဖြစ်တာကြောင့် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း ပေါ်တိုအသင်းရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ကားဆီးလက်စ် အရေးပေါ် ဆေးရုံတင်ခဲ့ရတဲ့အပေါ် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က အမြန်ဆုံး ပြန်လည်သက်သာပါစေကြောင်း ကြေညာချက်ထုတ်ပြီး ဆုတောင်ပေးခဲ့သလို ပြိုင်ဘက်အသင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတွေကလည်း ကားဆီးလက်စ်အတွက် အားပေးနှစ်သိမ့်တဲ့စာတွေ ပေးပို့ခဲ့ကြပါတယ်။
2 years Ago
Up