နှစ် ၄၀ ကျော်ကြာမှ ဖမ်းမိ

April 26, 2018

မုဒိမ်းမှုနှင့်လူသတ်မှုပေါင်း ၆၀ ခန့် ကျူးလွန်သူကို နှစ် ၄၀ ကျော်ကြာမှ ဖမ်းမိ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ် ၀န်းကျင်ကာလတွေက အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး လူသတ်မှု  ဒါဇင်နဲ့ချီ ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ အသက် ၇၂ နှစ်အရွယ် အမျိုးသားတဦးကို ဧပြီ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဆက်ခရာမန်တိုဒေသမှာ နေထိုင်တဲ့ ဂျိုးဇက်ဂျိမ်းစ် ဒီအန်ဂျယ်လိုဆိုသူ အမျိုးသားကို မျိုးရိုးဗီဇ ဒီအန်အေ အထောက်အထားနဲ့ နောက်ဆုံးမှာ ဖော်ထုတ်နိုင်ခဲ့ပြီး လူသတ်မှု ၄ မှုနဲ့ ရဲက ဖမ်းဆီးခဲ့ပါတယ်။ ခရိုင်ရှေ့နေက “အဖြေက ဆက်ခရာမန်တိုမြို့အတွင်းမှာပဲ ရှိနေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာမှ အမှန်တရား ပေါ်ပေါက်လာတာပါ။ ဒီကာလအတွင်း လူပေါင်းရာနဲ့ချီဟာ  သေဆုံးခဲ့သူတွေအတွက် အမှန်တရား ပေါ်ပေါက်ရေး ကြိုးပမ်းခဲ့ပါတယ်” လို့ ပြောပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း ဒီအန်ဂျယ်လိုဟာ လူသတ်မှု ၁၂ မှု၊ အဓမ္မပြုကျင့်မှု ၄၅ မှုနဲ့ ဖောက်ထွင်းမှုပေါင်းများစွာကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိကြောင်း အက်ဖ်ဘီအိုင်က ကနဦးပိုင်းမှာ  ပြောကြားခဲ့ပါတယ်။
4 years Ago
Up