နှစ် ၃၀ ကြာမှသီးသည့် ဘတ် ၃ သောင်းခန့် တန်ဖိုးရှိ အမြွှာအုန်းသီး ခွဲစိတ်မြည်းစမ်း

A d v e r t i s e m e n t With Us

August 26, 2016

နှစ် ၃၀ ကြာမှသီးသည့် ဘတ် ၃ သောင်းခန့် တန်ဖိုးရှိ အမြွှာအုန်းသီး ခွဲစိတ်မြည်းစမ်း (ရုပ်သံ)

ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေမြို့မှာ သြဂုတ် ၂၄ ရက်နေ့က တလုံးကို ဘတ် ၂ သောင်းခွဲမှ ၃ သောင်းခန့် တန်ဖိုးရှိ ရှားပါးပင်လယ်အုန်းသီးတလုံးကို အခမ်းအနားနဲ့ ခွဲစိတ်မြည်းစမ်းခဲ့တယ်လို့ http://www.siamdrama.com/view-712.html ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါအုန်းသီးမှာ အနှစ် ၃၀ ကြာမှ တလုံးသီးပြီး သက်တမ်း ၃၉ နှစ်ရှိ အပင်ကနေ ခူးဆွတ်ခဲ့တာ ဖြစ်ပါတယ်။ ပတ္တယားမြို့ စပျစ်ဥယျာဉ်ကနေ ခူးဆွတ်လာတဲ့ အဆိုပါ အုန်းသီးဟာ အသက် ၂ နှစ် ၄ လ ၁၄ ရက်ရှိပြီး ၁၀ မိနစ်ကြာ ခွဲယူခဲ့ရတယ်လို့ အုန်းပင်ကို ပြုစုပျိုးထောင်သူ  ဆီအုန်းပင်မျိုးပွားမှုဆိုင်ရာ မန်နေဂျာ နိုင်းဆုဖတ် ဆိုင်ဝိဆစ်က အခမ်းအနားမှာ ပြောကြားပါတယ်။ အဆိုပါ အုန်းသီးမှာ ရုက္ခဗေဒအခေါ် (LODOICEA MALDIVICA) အမြွှာအုန်းဖြစ်ပြီး အမျိုးသမီး တင်ပါးပုံစံ ဖြစ်နေတာကြောင့် ထိုင်းလိုတော့ မာ့ဖရောက် ကွန့်ဆောဝ် (အပျို့တင်အုန်း) လို့ ခေါ်ကြပါတယ်။ မူလမျိုးစေ့ကို သင်္ဘောသားတွေက ပင်လယ်သမုဒ္ဒရာထဲက သယ်ဆောင်လာတာဖြစ်ပြီး ဒီခြံထဲမှပဲ ပျိုးပင်ဖောက်ယူကာ လောလောဆယ် အဲဒီခြံထဲမှာ အပျို့တင်အုန်း အမျိုးအစား အုန်းပင် ၂၅ ပင်ရှိကာ အလုံးပေါင်း  ၈ လုံး သီးနေတယ်လို့ ဆိုပါတယ်။ ဒီအသီးတွေရဖို့ နှစ်နဲ့ချီ ပြုစုပျိုးထောင်လာခဲ့ရတဲ့အတွက် တလုံးကို ဘတ် ၂ သောင်း ၅ ထောင်ကနေ ၃ သောင်းလောက် တန်ဖိုးရှိတယ်လို့ ခြံမန်နေဂျာက ပြောပါတယ်။ အုန်းသီးခွဲတဲ့ အခမ်းအနားကို ချွန်းပူးရီးခရိုင် ဖတ်ထယားစပျစ်ခြံ ညွှန်ကြားရေးမှူး၊ ဆတ်တဟိပ်မြို့နယ်မှူး၊ အုန်းမျိုးစိတ်ဇီဝဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တချို့ပါ လာရောက်မြည်းစမ်းပြီး အုန်းသီးရဲ့ အရသာကို အားလုံးက ထူးကဲစွာ ချိုမြကြောင်း၊ ဆိမ့်ကြောင်း၊ မွှေးကြောင်း တညီတညွတ်တည်း ပြောဆိုခဲ့ကြပါတယ်။
5 years Ago
Up