ထိုင်းနိုင်ငံတွင်း နှစ်သစ်ကူးကာလ ၄ ရက်မှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးသူပေါင်း အယောက် ၂၈၀ ရှိတယ်လို့ ထိုင်းနိုင်ငံ ယာဉ်မတော်တဆထိခိုက်မှု ကာကွယ်ကျဆင်းရေးကော်မတီက ထုတ်ပြန်ပါတယ်။
၂၀၁၆ မှ ၂၀၁၇ ခုနှစ် နှစ်ကူးကာလ ယာဉ်မတော်တဆထိခိုက်မှု လျော့နည်းရေးအတွက် ယာဉ်စည်းကမ်းလိုက်နာ၊ စေတနာနဲ့မောင်း ဆိုတဲ့ ဆောင်ပုဒ်နဲ့ စီမံချက်ချပြီး ကြီးကြပ်ပေမယ့်လည်း ယာဉ်တိုက်မှုနှုန်း မြင့်မားနေဆဲပဲလို့ ယာဉ်မတော်တဆ ထိခိုက်မှု ကာကွယ်ကျဆင်းရေးကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ ထိုင်းနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီး နိုင်းအားခုန်း တိမ်ဖိထယား ဖိုင်းဆစ်က သတင်းထောက်တွေကို ပြောပါတယ်။
နှစ်ကူးကာလ အန္တရာယ်ဖြစ်နိုင်တဲ့ နေ့ရက် ၇ ရက်အတွင်း စတုတ္ထမြောက်နေ့ဖြစ်တဲ့ ၂၀၁၇ ဇန်န၀ါရီ ၁ ရက်နေ့ထိ ထိုင်းတနိုင်ငံလုံးမှာ ယာဉ်မတော်တဆထိခိုက်မှု အကြိမ်ပေါင်း ၂၇၁၂ ကြိမ် ဖြစ်ပွားပြီး သေဆုံးသူ အယောက်၂၈၀၊ ဒဏ်ရာရသူပေါင်း ၂၈၇၇ ဦး ရှိတယ်လို့ ဆိုပါတယ်။
ချင်းမိုင်ခရိုင်မှာ ယာဉ်မတော်တဆ အဖြစ်အများဆုံး ၁၁၇ ကြိမ်နဲ့ ထိခိုက်ဒဏ်ရာရသူ အများဆုံး ၁၂၅ ဦးဖြစ်ကြောင်း ကညနဝန်ကြီးက ပြောပါတယ်။
လူသေဆုံးမှု အများဆုံးဖြစ်တာ ဥဒွန်းဌာနီမှာ ဖြစ်ပြီး ၁၄ ဦး သေဆုံးခဲ့ပါတယ်။
ယာဉ်မတော်တဆထိခိုက်မှု ဖြစ်ရတဲ့ အကြောင်းရင်းတွေမှာ အရက်မူးတာက ပထမ၊ သတ်မှတ်နှုန်းထက် အမြန်မောင်းတာက ဒုတိယလို့ ဆိုပါတယ်။
ယာဉ်စည်းကမ်းမလိုက်နာတဲ့အတွက် တာဝန်ရှိသူမှ သိမ်းဆည်းခဲ့တဲ့ ယာဉ်အစီးပေါင်း ၂၉၈၁ စီး ဖြစ်ကာ မော်တော်ဆိုင်ကယ်က အများဆုံးပဲလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်ကူးကာလ ယာဉ်မတော်တဆအန္တရာယ် သတိထားရမယ့်ကာလကို ၂၀၁၆ ဒီဇင်ဘာ ၂၉ မှ ၂၀၁၇ ဇန်န၀ါရီ ၄ ရက်နေ့ထိ ၇ ရက် သတ်မှတ်ထားပါတယ်။
6 years Ago