အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၅၀ အတွင်း အပြင်းထန်ဆုံးဖြစ်တဲ့ ဟာဗေးမုန်တိုင်းကြောင့် အခုချိန်ထိ လူ ၁၇ ဦး သေဆုံးခဲ့ပြီး သိန်းပေါင်းများစွာသော ဒေသခံတွေဟာ ရေလွှမ်းမိုးခံနေရတဲ့ သူတို့ရဲ့အိမ်တွေကို စွန့်ခွာခဲ့ကြရပါတယ်။
အပူပိုင်းမုန်တိုင်း ဟာဗေးဟာ သြဂုတ် ၃၀ ရက်နေ့မှာ တက္ကဆက်ပြည်နယ်နဲ့ လူဝီစီယားနားပြည်နယ် နယ်စပ်နားက ကုန်းတွင်းပိုင်းကို နောက်တကြိမ် ထပ်ဝင်ခဲ့တာကြောင့် စံချိန်တင်မိုးရေချိန်နဲ့ ရေလွှမ်းမိုးမှုဖြစ်နေတဲ့ ဒေသတွေမှာ နောက်ထပ် မိုးတွေ ဆက်လက်ရွာသွန်းနေပါတယ်။
သြဂုတ် ၂၅ ရက်နေ့က စတင်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်လာခဲ့တဲ့ ဟာဗေးမုန်တိုင်းဟာ နှစ် ၅၀ ကျော်ကာလအတွင်း တက္ကဆက်ပြည်နယ်မှာ အဆိုးဆုံးခံစားရတဲ့ မုန်တိုင်းဖြစ်ပါတယ်။
တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရတဲ့ လူ ၂ သောင်းလောက်ကို ကယ်ဆယ်ခဲ့ရတယ်လို့ ဟူစတန်ရဲချုပ်က သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။
အရပ်သားတွေပါဝင်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ရဟတ်ယာဉ်၊ လှေ၊ ထရပ်ကားတွေသုံးပြီး ကယ်ဆယ်ခဲ့ကြတာပါ။
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းဂဏန်းအထက် ရှိနိုင်တယ်လို့ ခန့်မှန်းကြပြီး အမေရိကနနိုင်ငံရဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး သဘာဝဘေးဒဏ်တခု ဖြစ်ခဲ့ပါတယ်။
မုန်တိုင်းက မက္ကဆီကို ပင်လယ်ကွေ့ဘက်ကို ထွက်ခွာလာတဲ့အတွက် ဟူစတန်မြို့မှာ မုန်တိုင်းအားပျော့လာတာ တွေ့ရပြီး ငါးရက်ဆက်တိုက် ရွာနေတဲ့မိုးဟာ မကြာခင် ရပ်တန့်နိုင်တယ်လို့ မိုးလေဝသ သတင်းက ကြေညာပါတယ်။
မုန်တိုင်းဟာ စက်တင်ဘာ ၁ ရက်နေ့မှာ တက္ကဆက်ပြည်နယ်ရဲ့ တောင်ပိုင်းကမ်းရိုးတန်းတွေကို ဝင်ရောက်တိုက်ခတ်ပြီး ကမ်းလွန်ပင်လယ်ကို ရွေ့လျားသွားမှာ ဖြစ်ပါတယ်။
မုန်တိုင်းဟာ နောက်ရက်အနည်းငယ်ထိ ဟူစတန်မြို့နဲ့ ဟူစတန်မြို့ အနီးဝန်းကျင်မှာ ဆက်ရှိနေမယ်လို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
5 years Ago