နှင်းလျှောစီးအပန်းဖြေစခန်း

March 28, 2017

ဂျပန် နှင်းလျှောစီးအပန်းဖြေစခန်းတွင် နှင်းထုပြိုကျ၊ လူ ၈ ဦး သေဆုံး

ဂျပန်နိုင်ငံ တိုကျိုမြို့တော် မြောက်ပိုင်းက နှင်းလျှောစီး အပန်းဖြေစခန်းမှာ တောင်တက်အဖွဲ့ရဲ့ ကွင်းဆင်းခရီးစဉ်အတွင်း မတ်လ ၂၇ ရက်က နှင်းထု ပြိုကျခဲ့လို့ အထက်တန်းကျောင်းသား ၇ ဦးနဲ့ နည်းပြတို့ သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မတ်လ ၂၇ ရက် နှောင်းပိုင်းထိ သေဆုံးသူ ၈ ဦးရှိတယ်လို့ ရဲက အတည်ပြုကြောင်း စီရင်စုနယ် အာဏာပိုင်က ပြောပါတယ်။ လူ ၄၀ လောက် ဒဏ်ရာရပြီး ၂ ဦးက အခြေအနေ အသည်းအသန်ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ တိုကျိုမြို့မြောက်ပိုင်း ကီလို ၁၆၀ အကွာ နစုစီရင်စု နှင်းလျှောစီးရာ တောင်စောင်းမှာ မနက် ၈ နာရီခွဲလောက်က နှင်းထုပြိုကျချိန် အထက်တန်းကျောင်းသား အယောက် ၄၀ ဟာ ဆရာ ၈ ယောက်နဲ့အတူ တောင်တက်နေခဲ့တယ်လို့ ဒေသခံ အစိုးရအရာရှိတွေက ပြောပါတယ်။ မတော်တဆဖြစ်ချိန်မှာ နှင်းထု ပြိုကျမယ့်ဘေးအတွက် သတိပေးချက်ကို ဒေသတွင်းမှာ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ ဒေသတွင်းမှာ လူသေတဲ့ နှင်းထုပြိုကျမှုမဖြစ်တာ ၃ နှစ်ရှိပြီ၊ ခါတိုင်းက တနှစ်ကို တကြိမ် နှစ်ကြိမ် နှင်းပြိုတတ်ပေမယ့် ဒီတကြိမ်လောက် တခါမှ မကြီးဖူးဘူးလို့ မီးသတ်အရာရှိက ပြောပါတယ်။ နှင်းထုပြိုကျမယ့် သတိပေးချက် ထုတ်ပြန်ထားချိန်မှာ ဒီအုပ်စုက ဘာကြောင့် တောင်တက်လဲဆိုတာ စုံစမ်းစစ်ဆေးမယ်လို့ ဒေသခံ အစိုးရအရာရှိ နောက်တဦးက ပြောပါတယ်။ ကျောင်း ၇ ကျောင်းက ဒေသတွင်း တောင်တက်ကလပ်အသင်း အဖွဲ့ဝင်တွေဟာ ၃ ရက်ကြာ သင်တန်းအစီအစဉ်နဲ့ တောင်တက်ခဲ့ကြတာလို့ ဂျပန်မီဒီယာက ပြောပါတယ်။ နှင်းတွေ တညလုံး သည်းကြီးမည်းကြီးကျနေလို့ စီစဉ်ထားတဲ့ တောင်တက်အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ရတယ်၊ အစားထိုးအနေနဲ့ ကျောင်းသားတွေက နှင်းထုကြီးထဲမှာ လှုပ်ရှားသွားလာရေး တောင်ပေါ်ရှင်သန်ရေးသင်တန်းကို ပါဝင်လေ့ကျင့်ခဲ့တယ်လို့ ဂျပန်ပြည်သူ့ရုပ်သံ အန်အိတ်ခ်ျကေက ပြောခဲ့ပါတယ်။
5 years Ago
Up