နှင်းတောင်

January 14, 2019

နှင်းတောင်ပြိုကျမှုကြောင့် ရထားလမ်းပေါ် ပိတ်မိနေသည့် တောင်ဆိတ်ကို ကယ်တင် (ရုပ်သံ)

နှင်းတောင်ပြိုကျမှုကြောင့် ရထားသံလမ်းပေါ်မှာ ညပ်နေတဲ့ တောင်ဆိတ်တကောင်ကို ကယ်ဆယ်ပေးခဲ့ရတယ်လို့ သြစတြီးယား အမျိုးသားမီးရထားလမ်းကုမ္ပဏီ OeBB က တာဝန်ရှိသူတွေကပြောကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ဆိတ်ဟာ ဂဲဆု အမျိုးသားဥယျာဉ်အနီးမှာ ညပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ အက်မွန့်မြို့နဲ့ ဟီးဖလူးမြို့တို့ကြားမှာ မောင်းနှင်နေစဉ်အတွင်း မီးရထားမောင်းဝန်ထမ်းက အမျိုးသားဥယျာဉ်ဝင်ပေါက်အနီး သံလမ်းတွေပေါ်မှာ နှင်းတောင်ပြိုကျမှုတခု ဖြစ်နေတာကို သတိပြုမိခဲ့တယ်လို့ OeBB ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အဲဒီအချိန်မှာ ရထားဟာ ၁ နာရီကို ၃၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နေတာဖြစ်ပြီး တောင်ပြိုကျမှုကြောင့် ရထားကို ရပ်ခဲ့ရကြောင်း၊ အဲဒီနောက်မှာတော့ ရထားသံလမ်းတွေပေါ်မှာ ပိတ်မိနေတဲ့ တောင်ဆိတ်တကောင်ကို မြင်တွေ့ခဲ့ရကြောင်းလည်း သူက ဆက်ပြောပါတယ်။ သံလမ်းပေါ်မှာ နှင်းတွေကြောင့် ပိတ်မိနေတဲ့ တောင်ဆိတ်ဟာ သူ့ကိုယ်သူ ပြန်လွတ်မြောက်အောင် ရုန်းမထွက်နိုင်တော့ကြောင်းနဲ့ တောင်ပြိုကျမှုဖြစ်ဖြစ်ချင်း ရထားမောင်းသူက သတိပြုမိခဲ့တာဟာ သူ့အတွက် ကံကောင်းသွားစေခဲ့ကြောင်းလည်း သတင်းတွေမှာ ဖော်ပြပါတယ်။
2 years Ago

January 9, 2019

ပီရူးတွင် နှင်းထုပြိုကျမှုကြောင့် စပိန်တောင်တက်သမားများနှင့် လမ်းပြ သေဆုံး

ပီရူးနိုင်ငံ အင်ဒီးစ်တောင်တန်းဒေသမှာ နှင်းထုပြိုကျမှုအတွင်း စပိန်တောင်တက်သမား ၃ ဦးနဲ့ သူတို့ရဲ့ ပီရူးလူမျိုး လမ်းပြတို့ သေဆုံးသွားပါတယ်။ သူတို့အုပ်စုထဲက လူတဦးသာ အသက်ရှင်ခဲ့တာပါ။ တောင်တက်သမားအုပ်စုဟာ ပေ ၁ သောင်း ၆ ထောင့် ၄ ရာမြင့်တဲ့ နေဗာဒိုမာတီအို တောင်ထိပ်ကနေ ပြန်လာအပြီး ဇန်နဝါရီ ၆ ရက်က နှင်းထုပြိုချိန် ဘေးသင့်ခဲ့တာပါ။ ပီရူး အမျိုးသားရဲဌာန တောင်တက်တပ်ဖွဲ့ဟာ အလောင်းတွေပြန်ရရေးနဲ့ အခင်းဖြစ်ရာ အန်ကက်ရှ်ဒေသရဲ့ မြို့တော် ဟွာရက်ဇ်က ရင်ခွဲရုံဆီ အလောင်းတွေကို ပြန်ပို့ရေး ဘေးကြီးတဲ့ အနေအထားတွေမှာ အလုပ်လုပ်နေတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ နေဇာဒို မာတီယိုတောင်ဟာ တောင်တက်ရတာကို ကြိုက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ လူကြိုက်များတဲ့တောင်ထိပ် ဖြစ်ပါတယ်။
2 years Ago
Up