နွားရိုင်းသတ်သမားကို နွားရိုင်းကြီးက ကြောက်မက်ဖွယ် လေထဲ ထိုးကော်လွှင့်မြှောက် (ရုပ်သံ)

February 17, 2017

နွားရိုင်းသတ်သမားကို နွားရိုင်းကြီးက ကြောက်မက်ဖွယ် လေထဲ ထိုးကော်လွှင့်မြှောက် (ရုပ်သံ)

အသက် ၃၄ နှစ်အရွယ် ပြင်သစ်နိုင်ငံသား အလှပြနွားရိုင်းသတ်သမား ဆီဘက်စ် ရှဲန် ကက်စ်တီလာဟာ နွားရိုင်းသတ်ကွင်းထဲမှာ ဟန်ရေးပြနေချိန်မှာ ဒေါသထွက်နေတဲ့ နွားရိုင်းက သူ့ကို တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒါဟာ တကယ့်ကို သွေးပျက်စရာကောင်းတဲ့ မတော်တဆမှုတခုပါပဲ။ သူဟာ ခရမ်းရောင်နဲ့ အ၀ါရောင်စပ်ကြား ပုဝါကို ကိုင်ထားပြီး ဟန်ရေးပြကစားဖို့  ရပ်နေချိန်မှာ နွားရိုင်းက သူ့ဆီ တရှိန်ထိုး တိုးဝင်လာခဲ့တာပါ။ အဲဒီအချိန်မှာ ရုတ်တရက်ရှောင်ချိန်မရပဲ သူ့ခြေတဖက်ကို နွားရိုင်းက မတော်တဆဝှေ့မိခဲ့ပြီး မြေကြီးပေါ် လဲကျသွားခဲ့ပါတယ်။ လဲကျနေတဲ့ သူ့ဆီကို နွားရိုင်းဟာ တပတ်ပြန်လှည့်လာခဲ့ပြီးနောက်မှာတော့ သူ့ ခန္ဒာကိုယ်ကို ဦးချိုနဲ့မပြီး လေထုထဲကို ထိုးကော်လွှင့်မြှောက်လိုက်ချိန်မှာ ပရိတ်သတ် တွေဆီက ထိတ်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တာကို ကြားရပါတယ်။ အဲဒီအချိန်မှာ ကွင်းအတွင်း ကက်စ်တီလာနဲ့ အတူရှိနေခဲ့ကြတဲ့ တခြားအလှပြက စားသမားတွေဖြစ်ကြတဲ့ ရိုကာ ရေးနဲ့ လူးဝစ်စ်မီဂွဲလ် ကက်စ်ထရီလွန်တို့ဟာ အနားကို ပြေးကူဖို့ ရောက်လာခဲ့ကြပါတယ်။ သူတို့ထဲကတဦးက နွားရိုင်းကို အာရုံပြောင်းပြီး ပုဝါကို လွှဲကာ တခြားဘက်ဆီ ရောက်အောင်ခေါ်ခဲ့ချိန်မှာ တခြားလူတွေက ထူမတ်ကယ်တင်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။ ကိုလံဘီယာနိုင်ငံမြို့တော်၊ ဘိုဂိုတာမှာဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ရုပ်သံဗွီဒီယို ဖိုင်ဟာ အခုရက်ပိုင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အလှပြ ကစားသမား ကက်စ်တီလာကို ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။ “တိရစ္ဆာန်တွေ အားလုံးလိုပဲ နွားရိုင်းတွေမှာ တာဝန်ဆိုတာမရှိတဲ့အတွက် သူတို့မှာ အခွင့်အရေးဆိုတာလည်း မရှိပါဘူး” လို့ သူက ပြောခဲ့ချိန်မှာ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးသမားတွေက စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ကက်စ်တီလာဟာ မပြောပလောက်တဲ့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး အဲဒီပွဲမှာ ဆက်ပြီး အလှပြကစားခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up