နွားရိုင်း

October 3, 2017

အချစ်အတွက် နွားရိုင်းများနှင့် နပန်းသတ်ပုတ်ရသည့် ထူးဆန်းအံ့ဖွယ် ရိုးရာဓလေ့ (ရုပ်သံ)

မာဒါဂါစကာနိုင်ငံ တောင်ပေါ်ဒေသတွေမှာ လက်တွဲဖော်ရရှိဖို့ ခက်ခဲလွန်းတဲ့ ဒေသခံအမျိုးသားတွေဟာ နွားရိုင်းတွေနဲ့ လုံးထွေးသတ်ပုတ်ပြီးမှ ဖူးစာရှင်ရှာဖွေရတဲ့ ထူးဆန်းအံ့သြဖွယ် ရိုးရာဓလေ့တခု ရှိနေပါတယ်။ ဒေသခံ ဘက်စီလီယိုလူမျိုးစု အမျိုးသားတွေဟာ ဒေသခံအမျိုးသမီးတွေရဲ့ ချစ်ခင်ရင်းနှီးမှု ရနိုင်ဖို့ ရာစုနှစ်ပေါင်းများစွာကတည်းက ဆာဗီကာလို့ ခေါ်ကြတဲ့ နွားရိုင်းတွေနဲ့ နပန်းသတ်ပြိုင်ပွဲတွေကို ကြီးမှူးကျင်းပ ပြုလုပ်လေ့ရှိတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒေသခံအမျိုးသားတဦးဖြစ်တဲ့ အန်ဒီဟာ လူလွတ်တဦးဖြစ်ပြီး သူချစ်ကြိုက်ရမယ့်သူကို ရှာဖွေဖို့ စိတ်အားထက်သန်နေပါတယ်။ ဒေသတွင်းမှာ အလေးအမြတ်ထားရာအဖြစ် စဉ်းစားကြတဲ့ နွားရိုင်းတွေက ခုလို ရိုးရာအဖြစ် ကျင်းပကြတဲ့ မာလာဂါဆီ ဆာဗီကာပွဲတော်တွင်းမှာတော့ အန္တရာယ်မရှိဘူးလို့ ဒေသခံတွေက ယုံကြည်ထားကြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒေသရဲ့အရှေ့ပိုင်းမှာ ကျင်းပတဲ့ နွားရိုင်းနပန်းသတ်ပြိုင်ပွဲ မြင်ကွင်းတွေကို သည်းထိတ်ရင်ဖို တွေ့ရှိကြရမှာ ဖြစ်ပါတယ်။ ဒေသခံတဦးကတော့ ခုလိုကျင်းပလေ့ရှိတဲ့ ပြိုင်ပွဲတွေအတွင်း ခန့်မှန်းခြေ လူပေါင်း ၅၀ လောက် သေဆုံးလေ့ရှိတဲ့အတွက် ဆာဗီကာနွားသိုးနဲ့ နပန်းသတ်ပြိုင်ပွဲက အရမ်းအန္တရာယ်များတယ်လို့ ပြောပါတယ်။ မာဒါဂါစကာ တောင်ပေါ်ဒေသမှာ ဘက်စီလီယို လူလွတ်အမျိုးသားတွေက သူတို့ရဲ့ အနာဂတ် ဇနီးလောင်းကို ရရှိနိုင်ဖို့ နွားသိုးတွေနဲ့ နပန်းသတ်ကြတာဖြစ်ပြီး သူတို့ရဲ့ ရဲစွမ်းသတ္တိကိုပြဖို့ ဘာမဆိုလုပ်နိုင်တယ်ဆိုတာ စွန့်စားပြခဲ့ကြတာလို့ ဆိုပါတယ်။ အန်ဒီက သူ့အသက် ၂၇ နှစ် ဖြစ်နေပေမယ့် ခုချိန်အထိ လူလွတ်တဦး ဖြစ်နေရတာ ဆိုးရွားတယ်လို့ ပြောပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေကလည်း ဘဝက ဆက်လက်ရှင်သန်နေသင့်တယ်လို့ ယူဆတဲ့အတွက် သူ့အနေနဲ့ လက်ထပ်ချင်ကြောင်း၊ တကယ်လို့ ကလေးမရှိရင် မျိုးဆက်လည်း မရှိနိုင်တော့လို့ ဖခင်ရဲ့ မျိုးရိုးအမည် ပယ်ဖျက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော် နွားသိုးတွေနဲ့ ခုလို နပန်းသတ်တာက ကျော်ကြားအောင်၊ အမျိုးသမီးငယ် အသစ်တွေနဲ့ ဆုံနိုင်အောင်လို့ပါ။ ရွာတွေထဲမှာက ဘောလုံးပွဲမရှိဘူး။ ဗွီဒီယိုမရှိဘူး။ ဂီတမရှိပါဘူး။ ရွာတွေက အရမ်းဝေးပြီး ပွဲရှိရင် အားလုံးလာကြတယ်။ အမျိုးသမီးငယ်တွေနဲ့ အမျိုးသားငယ်တွေ တွေ့ဆုံနိုင်တဲ့ အခွင့်အရေးဖြစ်လို့ နွားရိုင်းနပန်းသတ်ပွဲ အချိန်အခိုက်အတန့်က အရေးကြီးပါတယ်။” ဒါပေမယ့် ပွဲတော်အတွင်းမှာ နွားရိုင်းတွေကို အလေးအမြတ်ထားကြတဲ့အတွက် မသတ်ဖြတ်ကြဘဲ နွားရိုင်းတွေ မောလာရင် ဒါမှမဟုတ် တစုံတဦး ဒဏ်ရာရရင်တော့ ပွဲကို ရပ်လိုက်တာ ဖြစ်ပါတယ်။
4 years Ago

July 13, 2017

နွားရိုင်းကြီးအား ရက်ရက်စက်စက်သတ်ဖြတ်နေသူများနှင့် မကြောက်မလန့် ကာကွယ်သူ (ရုပ်သံ)

တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ သွေးထွက်သံယိုဖြစ်နေတဲ့ နွားရိုင်းကြီးရှိရာ ကွင်းလယ်ကို ပြေးဝင်လာပြီး နွားရိုင်းကြီးကို ဒိုင်းသဖွယ် ကာကွယ်ကာ 'ဒီလိုကြမ်းတမ်းပြီး နှိပ်စက်ကလူပြုတဲ့ ရှေးရိုးရာပြပွဲ' ကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ စပိန်နိုင်ငံမြောက်ပိုင်း ပမ်ပလိုနာမြို့က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဖာမင်ပွဲတော်အတွင်း ဖြစ်ခဲ့တာပါ။ ဒီပွဲတော်ဟာ နွားရိုင်းတွေကို ကွင်းထဲမှာပြေးခိုင်းပြီး လူတွေက လိုက်ဖမ်းကာ ရိုက်နှက်တာ၊ အချွန်တွေနဲ့ထိုးတာ၊ နောက်ဆုံး သေတဲ့အထိ ဓားနဲ့ထိုးတာတွေလုပ်တဲ့ ပွဲတော် ဖြစ်ပါတယ်။ ရုပ်သံမြင်ကွင်းထဲမှာတော့ နွားရိုင်းတကောင်ဟာ ဓားဒဏ်ရာတွေနဲ့ မြေပြင်ပေါ်မှာ လဲနေပြီး ဓားမြှောင်လို ချွန်ထက်တဲ့အရာတခုနဲ့ အထိုးခံရပြီးတဲ့နောက် နွားရိုင်းကြီး သေလုမျောပါး ဖြစ်နေတာကို တွေ့ရပါတယ်။ ကြည့်ရှုနေတဲ့ လူထုပရိသတ်ကြီးက ဒီမြင်ကွင်းကို သြဘာပေးနေကြလို့ အသားမစားတဲ့ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ကွင်းထဲကို ပြေးဝင်လာကြတာပါ။ တက်ကြွလှုပ်ရှားသူတဦးက အာဏာပိုင်တွေ နွားရိုင်းကြီးကို ဆွဲထုတ်မသွားခင် သေတော့မယ့်ဆဲဆဲ နွားရိုင်းကြီးရဲ့ ကိုယ်ပေါ်ကို ခုန်တက်ပြီး ကာကွယ်ထားတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ အသားမစားရေး ဆန္ဒပြအုပ်စုရဲ့ အဖွဲ့ဝင်တဦးက သူ့ကိုယ်ပေါ်မှာ “နွားရိုင်းတိုက်ပွဲ ရပ်တန်ဖို့” တောင်းဆိုတဲ့စာသားကို ရေးထားပြီး “နွားရိုင်းတိုက်ပွဲဆိုတာ နှိပ်စက်ညှဉ်းပန်းမှု” လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။ ဒီတောင်းဆိုမှုက လူတွေကို ဖျော်ဖြေဖို့အတွက် သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ ရပ်တန့်ဖို့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတဲ့ ဒီအဖွဲ့ရဲ့ လှုံ့ဆော်မှုတခု ဖြစ်တယ်လို့လည်း သိရပါတယ်။ အသားမစားရေး ဆန္ဒပြအဖွဲ့မှ ပီတာ ဂျန်ဆန်က “နွားရိုင်းတွေက ကြောက်ရွံ့ထိတ်လန့်နေပြီး မခံမရပ်နိုင်အောင် နာကျင်နေရတယ်။ သူတို့ ဒီလိုနာကျင်ပြီး တကောင်တည်းသေဖို့ မထားခဲ့နိုင်ဘူး။ ကျနော်တို့က ဒီရက်စက်တဲ့ အဖြစ်အပျက်ကြီးကို အဆုံးသတ်ဖို့ တောင်းဆိုနေကြတဲ့ ကမ္ဘာတဝှမ်းလုံးက လူအများစုကို ကိုယ်စားပြုပါတယ်” လို့ ပြောပါတယ်။ “နွားရိုင်းတိုက်ပွဲက ရက်စက်ကြမ်းကြုတ်တယ်၊ ရှေးရိုးအစဉ်အလာပြပွဲဖြစ်တယ်၊ ဘယ်ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာမှ မရှိတော့ဘူး” လို့ PETA အဖွဲ့ရဲ့ ဒါရိုက်တာ အယ်လစ်ဆာအယ်လန်ကလည်း ပြောပါတယ်။ နွားရိုင်းတိုက်ပွဲကို စပိန်နိုင်ငံရဲ့ မြို့ ၁၀၀ ကျော်မှာ ပိတ်ပင်တားမြစ်ထားပေမယ့် ပမ်ပလိုနာမြို့မှာတော့ လူရာပေါင်းများစွာက လမ်းကျဉ်းလေးတွေပေါ် ပြေးနေတဲ့ နွားရိုင်းအုပ်ကြီးကို နောက်ကလိုက်ပြီး နွားရိုင်းတွေ လဲကျတဲ့အထိ လျှပ်စစ်တုတ်တံတွေ၊ ချွန်ထက်တဲ့ တုတ်တံတွေနဲ့ လိုက်ထိုးပြီး နှိပ်စက်ညှဉ်းပန်းကြတာလို့ မေရာရဲ့ ဇူလိုင် ၁၂ ရက် သတင်းမှာ ရေးထားပါတယ်။ ကွင်းထဲရောက်လာတဲ့ နွားရိုင်းတကောင်ကို လူ ၈ ယောက်လောက်က ရိုက်နှက်နှိပ်စက်ကာ သွေးထွက်လွန်ပြီး အားပျော့လာတဲ့အထိ ဓားမြှောင်တွေနဲ့ ထိုးကြတာပါ။ နောက်ဆုံးမှာတော့ နွားရိုင်းသတ်သူက မောပမ်းနွမ်းနယ်နေတဲ့ နွားရိုင်းတွေရဲ့ ကျောရိုးကို ဖြတ်ဖို့ ဓားရှည်နဲ့ ထိုးလိုက်တယ်လို့ သိရပါတယ်။
4 years Ago
More News
Up