နွားမှောင်ခို

August 16, 2018

အိန္ဒိယတွင် နွားမှောင်ခိုသံသယဖြင့် လူတဦး အသတ်ခံရပြီးနောက် ဒေသခံများ စိုးရိမ်

ဟိန္ဒူအများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံကြီးမှာ နွားမှောင်ခိုကူးမှု သံသယနဲ့ တိုက်ခိုက်ခံရပြီး မွတ်ဆလင် ဘာသာဝင်တဦး သေဆုံးခဲ့တာကြောင့် သူတို့ရဲ့ လူနေမှုဘဝ ခြိမ်းခြောက်ခံရမှာကို ဒေသခံ ရွာသားတွေ စိုးရိမ်နေကြပါတယ်။ အိန္ဒိယနိုင်ငံ ရာဂျက်စ်သန်ပြည်နယ်ထဲမှာ နွား ၂ ကောင် ဝယ်ယူခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အက္ကဘာခန်းဟာ နွားမှောင်ခိုသမားလို့ အထင်မှားပြီး ရိုက်သတ်ခံရလို့ သေဆုံးသွားပါတယ်။ နွားမှောင်ခိုသမားဆိုတဲ့ စွပ်စွဲချက်အတွက် သက်သေမပြနိုင်ပါဘူး။ ဇူလိုင်လ တတိယပတ်က ဖြစ်ခဲ့တဲ့ ဒီမှုခင်းနဲ့ပတ်သက်ပြီး လူ ၂ ဦးကို ရဲက ဖမ်းထားပါတယ်။ နွားမှောင်ခိုကာကွယ်ရေး စေတနာ့ဝန်ထမ်းအဖွဲ့လို့ သူတို့ကိုယ်သူတို့ ခေါ်တဲ့အဖွဲ့က ဒီရာဇဝတ်မှုကို ကျူးလွန်တယ်လို့ အပြစ်တင်ထားကြတာပါ။ “သေဆုံးသူမှာ သားသမီး ၇ ယောက် ကျန်ရစ်ခဲ့တာပါ။ သူ့မှာ နဂိုတည်းက နွားငါးကောင်ရှိပြီး နို့ညှစ်နေခဲ့တယ်။ သူ့ကလေးတွေကို တိုက်ဖို့နဲ့ မိသားစုကို ထောက်ပံ့ရေး နွားနို့ရောင်းဖို့ နွား ၂ ကောင် ထပ်ဝယ်တာ” လို့ သူ့ညီအစ်ကိုဝမ်းကွဲ မိုဟာမက် အက္ကဘာက ပြောပါတယ်။ ခန်းတို့မိသားစု မျိုးဆက်သာမက ဒေသခံရွာသားတွေဟာ စားဝတ်နေရေးအတွက် ကျွဲထက် အများကြီးဈေးချိုတဲ့ နွားကို မွေးကြပြီး အဲဒါကြောင့်လည်း နွားကာကွယ်ရေးအဖွဲ့ဆိုတဲ့ အဖွဲ့တွေနဲ့ တင်းမာမှုတွေ တိုးလာခဲ့တာဖြစ်တယ်လို့ ဗွီအိုအေသတင်းဌာနက ဖော်ပြပါတယ်။ နွားဟာ သူတို့ရဲ့ စီးပွားရေး အသက်သွေးကြော ဖြစ်နေပေမယ့် ရွာသားတွေဟာ အလုပ်မလုပ်ရဲဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။ “နွားလေးကောင်ဟာ နို့ကီလိုဂရမ် ၆ဝ ထွက်တယ်။ သောက်လည်းသောက်၊ နေ့စဉ် လိုအပ်ချက်လည်း ဝယ်လို့ရတယ်။ ခုတော့ ကျနော်တို့ အပြင်ထွက်ပြီး နွားမဝယ်ရဲတော့ဘူး။ ဒီအလုပ်ကို စွန့်လွှတ်ရလိမ့်မယ်လို့ ရွာသားတယောက်က ပြောပါတယ်။ နွားဟာ ဝယ်မိရင် သေနိုင်တဲ့အရာဖြစ်နေတယ်၊ ကျနော်တို့ကြောက်တယ်” လို့ ရွာသားလူငယ်တဦးက ပြောပါတယ်။ အစ္စလာမ်ဘာသာဝင်တွေက နွားကို စီးပွားရေးအတွက် သုံးနေပေမယ့် ဟိန္ဒူဘာသာဝင်တွေကတော့ မြင့်မြတ်တဲ့အရာအဖြစ် သတ်မှတ်နေလို့ လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှု ကွဲပြားနေပါတယ်။ ခန်းသေဆုံးမှုကြောင့် ထိတ်လန့်ချောက်ချားခဲ့ရတယ်လို့ ရွာရဲ့ ဟိန္ဒူနဲ့ အစ္စလာမ် ဘာသာဝင် ရွာခေါင်းဆောင်တွေက ပြောပါတယ်။ ဒီရွာမှာ မတူခြားနားတဲ့ ဘာသာဝင်တွေ မျိုးဆက်အလိုက် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြတယ်၊ ညီအစ်ကိုတွေလိုပဲလို့လည်း သူတို့က ပြောပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီကလည်း နွားကာကွယ်ရေးဝါဒကို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့်  ဒီနှစ်ထဲမှာပဲ ဟာယနပြည်နယ်မှာနေတဲ့ ပေရူခန်းဆိုသူ နွားမွေးသူလည်း အလားတူစွဲချက်နဲ့ အသေ ရိုက်သတ်ခံရပါတယ်။ ဒီအဖြစ်အပျက်တွေအပေါ် အာဏာပိုင်တွေက ဘာလို့ မဟန့်တားနိုင်လဲဆိုတဲ့ မေးခွန်းတွေ ထွက်နေတယ်လို့ ဗွီအိုအေသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
3 years Ago
Up