နွားဦးခေါင်းတခုလုံးကို စက္ကန့်ပိုင်းအတွင်း စားသောက်ခဲ့ကြသည့် အသားစားငါးအုပ်စု

February 2, 2017

နွားဦးခေါင်းတခုလုံးကို စက္ကန့်ပိုင်းအတွင်း စားသောက်ခဲ့ကြသည့် အသားစားငါးအုပ်စု (ရုပ်သံ)

တောင်အမေရိက ဒေသမျိုးရင်း ပီရန်ဟာ (Piranha) အသားစားငါးအုပ်စုတစုဟာ နွားတကောင်ရဲ့ ဦးခေါင်းတခေါင်းလုံးကို စက္ကန့်ပိုင်းအတွင်းမှာ အရိုးခွံပဲကျန်တော့အောင် ကိုက်ခဲစားသောက်ခဲ့ကြတာဟာ တကယ့်ကို သွေးပျက်စရာပါပဲ။ ဒီအဖြစ်အပျက်ဟာ အမေဇုန်မြစ်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒေသခံအမျိုးသားတဦးက နွားဦးခေါင်းကို ဂွန်ဒိုလာ ပဲ့ချိတ်လှေပေါ်ကနေ ရေထဲကို နှစ်လိုက်ချိန်မှာ ငါးတွေက ဝိုင်းအုံကိုက်ခဲ စားသောက်ခဲ့ကြတာကို တွေ့ရပါတယ်။ သွေးဆာနေကြတဲ့ အသားစားငါးတွေဟာ အသားတွေကို အချိန်ပိုင်းလေးအတွင်းမှာ စားသောက်ခဲ့ကြတာဖြစ်ပြီး အဲဒီအမျိုးသားက နွားဦးခေါင်းကို ရေပေါ်ပြန်ဆွဲတင်ခဲ့ချိန်မှာတော့ ဦးခေါင်းခွံအရိုးသာ ကျန်တော့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုအင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သောင်းကျော်ထိ ရှိခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇန်နဝါရီ ၃၁ ရက်က ဖော်ပြပါတယ်။ ဒီငါးတွေရဲ့ ချွန်ထက်တဲ့သွားတွေနဲ့ အားကောင်းတဲ့ မေးရိုးတွေကြောင့် ထိတ်လန့်စရာကောင်းပြီး သူတို့တွေဟာ လူတွေကိုတောင် ရန်မူတိုက်ခိုက်လေ့ရှိကြတာပါ။ ဒေသတွင်း အစီရင်ခံစာတွေအရ တောင်အမေရိကမှာ ဒီငါးတွေဟာ နှစ်စဉ် ရာနဲ့ချီပြီး တိုက်ခိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းကတော့ ဘရာဇီးနိုင်ငံမှာ ၆ နှစ်အရွယ် မိန်းကလေးတဦးဖြစ်တဲ့ ပီရန်ဟာ ငါးတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါသေးတယ်။ အဲဒီမိန်းကလေးဟာ အဖွားဖြစ်သူ၊ သူငယ်ချင်းတွေနဲ့အတူ အားလပ်ရက် အပန်းဖြေခရီးထွက်ချိန်မှာ ကနူးလှေစီးခဲ့တာဖြစ်ပြီး မတော်တဆ လှေနစ်မြုပ်ခဲ့တာပါ။ သူဟာ ရေထဲကို နစ်မြုပ်သွားခဲ့ပြီးနောက်မှာ အသားစားငါးတွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီး ရေပေါ်ကို ဆွဲတင်ကယ်ဆယ်နိုင်ခဲ့ချိန်မှာတော့ ငါးတွေက ကိုက်ဖဲ့စားသောက်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up