နွားမတိုက်ပြိုင်ပွဲ

May 7, 2018

ဆွစ်ဇာလန်တွင် ကျင်းပသည့် ရိုးရာနွားမတိုက်ပြိုင်ပွဲ ပရိသတ်ထောင်ချီ ကြည့်ရှု (ရုပ်သံ)

ဆွစ်ဇာလန်နိုင်ငံမှာ မေလ ၆ ရက်နေ့က ရိုးရာ နွားမတိုက်ပြိုင်ပွဲ ကျင်းပခဲ့ပြီး လူ ထောင်နဲ့ချီ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ အဲပေါ့ဇ်မြို့လေးမှာ ပြုလုပ်တဲ့ အဲဒီ ရိုးရာ နွားမတိုက်ပြိုင်ပွဲကို ပရိသတ် ၁၀,၀၀၀  လာရောက် အားပေးမယ်လို့ မျှော်လင့်ထားကြောင်း ပွဲစီစဉ်သူတွေက ဆိုပါတယ်။ အဲဒီပြိုင်ပွဲကို “ဘုရင်မများတိုက်ပွဲ” လို့လည်း ခေါ်ဆိုပါတယ်။ အကြောင်းကတော့ နှစ်စဉ် နွေဦးပေါက်တိုင်း အီဟန် နွားမတွေဟာ နွားအုပ်ကို ဦးဆောင်မယ့် ခေါင်းဆောင်ကို ရွေးချယ်ဖို့ အချင်းချင်း အားစမ်းလေ့ရှိပါတယ်။ အဲဒီအစဉ်အလာကနေ အခုလို နှစ်စဉ်ကျင်းပတဲ့ နွားမတိုက်ပြိုင်ပွဲ ပေါ်ပေါက်လာတာပါ။ ရာနဲ့ချီတဲ့ နွားမွေးသူတွေဟာ ဒေသအသီသီးကနေ ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြပါတယ်။ “ကျနော်တို့လို နွားမွေးသူတွေအဖို့ ဒါဟာ မင်္ဂလာပွဲတခုပါပဲ။ ကျေန်ာတို့ အစဉ်အလာအရ ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတယ်။ ပွဲကြည့်ပရိသတ်ကို တခုခုပေးနိုင်ရင် ကျေန်ာတို့ ပျော်ပါတယ်” လို့ နွားမွေးသူ ယွန်းမစ်ချယ်ကီနိုဒိုက ပြောပါတယ်။ နွားမွေးသူ ချေရီဒီ ဆာဗေဒိုကလည်း “ဒီအစဉ်အလာဟာ ဆက်ပြီး ကြာရှည် တည်ရှိနေဦးမှာပါ။ ကျနော်တို့မှာ နို့စားနွားကောင်းကောင်းရှိပြီး ရက်ခ်ကလက် နာမည်နဲ့ ဒိန်ခဲကောင်းကောင်း ထုတ်လုပ်ပါတယ်။ အားလုံးဟာ တခုနဲ့တခု အဆက်အစပ်ရှိပါတယ်။ ဒီနို့စားနွားတွေကြောင့် ကျနော်တို့ ရှင်သန်နေတာပါ” လို့ ပြောပါတယ်။ အဲဒီ နွားမတိုက်ပြိုင်ပွဲဟာ မိနစ် ၄၀ အထိ ကြာမြင့်ပြီး နောက်ဆုတ်သွားတဲ့ ပြိုင်ဘက်ကို ရှုံးနိမ့်သူအဖြစ် သတ်မှတ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဒဏ်ရာပြင်းထန်မှု နည်းပါးတယ်လို့လည်း သိရပါတယ်။ ပြိုင်ပွဲပြီးချိန် ကွင်းထဲမှာ တကောင်တည်းကျန်တဲ့ နွားမဟာ အနိုင်ရရှိသူဖြစ်ပြီး သူ့ပိုင်ရှင်ဟာလည်း နာမည်ကြီး နွားမွေးသူအဖြစ် နာမည်ကောင်းရတဲ့ ပြိုင်ပွဲတခုလည်း ဖြစ်ပါတယ်။
3 years Ago
Up