နွားစားကျက်

May 30, 2018

ပြင်သစ်တောင်ပိုင်းမှ နွေဦးရာသီ နွားစားကျက်သစ်ရှာသည့် ကြည်နူးဖွယ်မြင်ကွင်း (ရုပ်သံ)

ပြင်သစ်တောင်ပိုင်းမှာ နှစ်စဉ်နှစ်တိုင်း ခုလိုအချိန် နွေဦးရာသီမှာ နွားတွေ  စားကျက်သစ်ရှာတဲ့ မြင်ကွင်းကို ကြည်နူးဖွယ် မြင်တွေ့ရပါတယ်။ ပြင်သစ်တောင်ပိုင်းက ရွာသူရွာသားတွေဟာ သူတို့ရဲ့နွားတွေကို ချိုမှာ အလှဆင်ပြီး လမ်းမတလျှောက် စိမ်းစိုတဲ့ စားကျက်တွေဆီ ခေါ်ဆောင်သွားနေတာပါ။ နှစ်စဉ်နှစ်တိုင်း အုရှီတွန်ဒေသက ရွာသားတွေဟာ နွေဦးပေါက်ဆိုရင် သူတို့ရဲ့ နွားတွေကို စားကျက်သစ်တွေဆီ ပို့ဆောင်နေကျ ဖြစ်ပါတယ်။ “ကျနော်တို့အဖို့ အားလပ်ရက်ပေါ့ဗျာ။ ၆ လလောက် အနားယူလိုက်ရသလိုပဲ။ နွားတွေက တောင်ကြားထဲက မြက်တွေထက် ပိုကောင်းတဲ့ မြက်နုလေးတွေ စားရတော့မယ်လေ” လို့ နွားမွေးသူ မက်ရှင်းမ်ဖရှ်စ်က ပြောခဲ့ပါတယ်။ အဲဒီလို နွားတွေအတွက် စားကျက်ရှာရာမှာ အခုလို အဖော်လိုက်သူနဲ့ အပျော်လိုက်လာသူတွေလည်း ရှိပါတယ်။ “အညောင်းပြေ အညာပြေ လိုက်ခဲ့ပါလား ပြောတာနဲ့ လိုက်လာတာ။ ရှုခင်းလည်း ကြည့်ရတာပေါ့။ နွားတွေကို စားကျက်သစ်ပို့တာက ရိုးရာအစဉ်အလာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အစဉ်အလာကို ဒီလောက်အကြာကြီး လက်ဆင့်ကမ်းလာတာလေ” လို့ လိုလာက ပြောပါတယ်။ ဆာရှယ်လီဒူဘတ်ဒေသဝန်းကျင်က ယာတောတွေဟာ နှစ်စဉ်ဆိုသလို နွားအလှလှည့်လည်ပွဲ ကျင်းပပြီး အမြင့်ပေ ၄၂၆၅ ပေမြင့်မားတဲ့ ကုန်းပြင်မြင့်ပေါ်  နွားအုပ်ကို ပို့ဆောင်တဲ့ ပွဲတော်တွေကို ကျင်းပကြပါတယ်။ အဲဒီနွားအုပ်ဟာ ၃၈ မိုင် ခရီးအကွာအဝေးကို နှစ်ရက်နဲ့ ခြေဆန့်ခဲ့တာဖြစ်ပါတယ်။ လိုရာခရီး ရောက်ရှိပြီးတဲ့အခါမှာတော့ ဆောင်းတွင်းတတွင်းလုံး တောင်ကြားထဲမှာ နေထိုင်ခဲ့တဲ့  အဲဒီနွားအုပ်ဟာ တောင်ကုန်းတွေထက် စားကျက်သစ်မှာ မြက်ကောင်းမြက်နုတွေကို ပွဲတော်တည်ပါတော့တယ်။ ပြင်သစ်နိုင်ငံ အုဘာ့ခ်ဒေသက နွားတွေဟာ အကြမ်းခံတယ်ဆိုပြီး နာမည်ကြီးလှပါတယ်။ သူတို့ဟာ သားပေါက်အားကောင်းပြီး နှစ်စဉ်နှစ်တိုင်း ပဲရစ်မြို့မှာကျင်းပတဲ့ လယ်ယာစိုက်ပျိုးရေး ပွဲတော်မှာ ဆုတံဆိပ်တွေ ပုံမှတ်ဆွတ်ခူးပေးလေ့ ရှိပါတယ်။
4 years Ago
Up