နွား

September 14, 2018

ဦးခေါင်း ၂ လုံး၊ မျက်လုံး ၃ လုံးပါ ထူးခြားအံ့ဖွယ် နွားပေါက်ကလေး (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ဦးခေါင်း ၂ လုံးနဲ့ မျက်လုံး ၃ လုံးပါတဲ့ နွားကလေးတကောင်ဟာ ဒေသခံတွေကြားမှာ ရေပန်းစားနေပြီး အံ့အားသင့်နေကြပါတယ်။ ဒီနွားပေါက်ကလေးဟာ နိုင်ငံတောင်ပိုင်း သန်ဂျဗာဒေသတွင်းမှာ လွန်ခဲ့တဲ့ တလလောက်က မွေးဖွားခဲ့တာဖြစ်ပြီး ခုချိန်ထိ အသက်ရှင်နေဆဲဖြစ်တယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့က ဖော်ပြပါတယ်။ ဒါဟာ မျိုးဗီဇဆိုင်ရာ ပြဿနာတခုခုကြောင့် ခုလိုပုံစံနဲ့ ထူးထူးခြားခြား မွေးဖွားလာတာဖြစ်ပြီး တိရစ္ဆာန်ဆေးပညာဆိုင်ရာ ပညာရှင်တွေကတော့ ဒီအခြေအနေဟာ ဆက်လက်ရှင်သန်နိုင်ဖို့ မလွယ်ကူဘူးလို့ ခန့်မှန်းထားခဲ့ကြတာပါ။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီနွားပေါက်ကလေးဟာ အသက်ရှင်နေဆဲဖြစ်ပြီး မိခင်နွားမကြီးနဲ့အတူ လမ်းလျှောက်ကာ ကျန်းကျန်းမာမာ ရှိနေတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒေသခံတွေကတော့ ဦးခေါင်း ၂ လုံးပါတဲ့ ဒီနွားပေါက်ကလေးကို အံ့ဖွယ် နွားပေါက်ကလေးအဖြစ် အမည်ပေးနေကြတာပါ။ ဒါပေမယ့် ခုလိုအခြေအနေမျိုးနဲ့ မွေးဖွားလာတဲ့ တိရစ္ဆာန်တွေဟာ အချိန်ကာလ ရှည်ကြာ အသက်မရှင်နိုင်တာမျိုးတွေ ရှိတဲ့အတွက် သူတို့က စိတ်ပူပန်နေကြတာ ဖြစ်ပါတယ်။
3 years Ago

July 14, 2017

နွားကို မြင်းတကောင်ကဲ့သို့ ပြေးနိုင်ခုန်နိုင်အောင် သင်ကြားပေးသည့် အံ့ဖွယ်မိန်းကလေး (ရုပ်သံ)

နယူးဇီလန်နိုင်ငံတောင်ပိုင်း ကျွန်းတခုရဲ့ လယ်တောက ဟန်နာဆိုတဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးဟာ သူမရဲ့နွားကို မြင်းတကောင်လို စီးနိုင်အောင် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။ သူမရဲ့ ၁၁ နှစ်မြောက်မွေးနေ့မှာ လီလက်လို့ခေါ်တဲ့ နွားကို လက်ဆောင်ရခဲ့တာပါ။ ဟန်နာဟာ နွားကျောင်းသူတဦးဖြစ်ပြီး လီလက်က သူမရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်တယ် လို့ဆိုကာ လီလက်နဲ့ တွဲရိုက်ထားတဲ့ ပုံတွေကိုလည်း ဂုဏ်ယူစွာနဲ့ ဖြန့်ဝေခဲ့ပါတယ်။ “ကျမ ငယ်သေးတဲ့အချိန် လီလက်ကို လက်ဆောင်ရခဲ့ပြီး အဲဒီအချိန်က လီလက်ဟာ ၆ လပဲ ရှိသေးတယ်” လို့ နယူးဇီလန် Eleanor Ainge Roy သတင်းဌာနကို ပြောပါတယ်။ “လီလက်ကိုစီးပြီး ကျမအစ်ကိုက ခုန်ခိုင်းတော့ သူ့ကြည့်ရတာ အဆင်ပြေတယ်။ ဒါနဲ့ပဲ ကျမတို့ ဒီလိုလေး ဆက်လုပ်ဖြစ်ကြတယ်။ အဲဒီမတိုင်ခင်ကတော့ ကျမ မြင်းပု ၂ ကြိမ်နဲ့ သိုးပဲ စီးဖူးတယ်” လို့ ဟန်နာက ပြောပါတယ်။ ဒီရက်တွေမှာတော့ အဲဒီနယ်ပယ်မှာ ဟန်နာနဲ့ သူမရဲ့နွားမလေး လီလက်ကို လူတွေ နေ့တိုင်း တွေ့မြင်နေရပြီး ဟန်နာကလည်း လီလက် ပြေးနိုင် ခုန်နိုင်အောင် သင်ပေးနေတာလို့ ဆိုပါတယ်။ နွားမလေး လီလက်က မြင်းတကောင်လို အတိအကျ မခုန်နိုင်ပေမယ့် သူတတ်နိုင်တာထက်တော့ ပိုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နွားမလေး လီလက် ပျော်နေချိန်ဆို ၁ ဒသမ ၄ မီတာ အမြင့်ရှိတဲ့ အတားအဆီးကိုတောင် ခုန်ကျော်နိုင်တယ်လို့ ဆိုပါတယ်။ “လီလက်က သူမ ငယ်ငယ်ကတည်းက နွားတင်းကုပ်ကို အမြဲခုန်ကျော်တယ်။ ဒါကြောင့် ဒီလိုခုန်ရတာကို သူ ကြိုက်တယ်လို့ ကျမထင်တယ်” လို့ ဟန်နာက ရှင်းပြပါတယ်။ “ကျမတို့က သူ့ကို သစ်လုံးတွေ စခုန်ခိုင်းတယ်။ ပြီးတော့ ပိုပိုကြီးတာ မြင့်တာတွေကို ခုန်ခိုင်းတယ်” လို့ ဟန်နာက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဟန်နာ မြင်းတကောင် လက်ဆောင်ရခဲ့ပေမယ့် စိတ်ချရတဲ့ နွားမလေး လီလက်ကိုပဲ စီးခဲ့တယ်၊ သူတို့ ၂ ဦးက အတူတူ ကြီးပြင်းလာခဲ့ကြတာလို့လည်း ဒေသခံ လယ်သမားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်တွေအတွင်း ဟန်နာနဲ့ နွားမလေးလီလက်တို့အတွဲက ပိုကျော်ကြားလာပြီး ဟန်နာ နွားစီးပြီး ခုန်ကျော်နေတဲ့ ပုံတွေကို နယူးဇီလန်လယ်သမားတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ တင်ခဲ့တာပါ။ သူမရဲ့ အင်စတာဂရမ်စာမျက်နှာလည်း ကျော်ကြားလာပြီး ဟန်နာကတော့ လီလက်နဲ့ ပြိုင်ပွဲတွေ ဝင်မပြိုင်ပေမယ့် ဒေသခံတီဗွီသတင်းမှာ သူမတို့အကြောင်း မကြာခင် ရိုက်ကူးတင်ပြတော့မယ်လို့ မေရာသတင်းမှာ ရေးထားပါတယ်။
5 years Ago
More News
Up