နွယ်ပန်းခွာညို နုစိမ်းစို နှင်းကျမှိုင်းရီ ပထ၀ီ ရာသီစရ ပြာသိုလ

February 6, 2016

နွယ်ပန်းခွာညို နုစိမ်းစို နှင်းကျမှိုင်းရီ ပထ၀ီ ရာသီစရ ပြာသိုလ

ပြာသိုမှာ ဖြာစိုနှင်းရယ်နှင့် ခါအလို ခွာညိုသင်းပါဘိ မြင်းခင်းမြတ် တော်သဘင်မှာ ပျော်ရွှင်ကြပြည်လုံး။ ပြာသိုလဟာ မြန်မာ့တဆယ့်နှစ်လမှာ ဆယ်လမြောက် ဖြစ်ပါတယ်။ ပြာသိုပြီးရင် တပို့တွဲလနဲ့ တပေါင်းလပဲ ကျန်ပါတော့တယ်။ မြန်မာ့နှစ်တနှစ်ကုန်တော့မယ်။ ပြာသိုမှာ ထူးခြားတဲ့နေ့ရက် အထိမ်းအမှတ် အဖြစ်သနစ် စုံစုံစီစီ ရှိနေခဲ့တယ်လို့ ဆိုသင့်လှပါတယ်။ ဟော၊ ကြည့်ပါဦး။ ပြာသိုလပြည့်နေ့ဟာ အမေများနေ့၊ ပြာသိုလဆန်း တရက်နေ့က ကရင်နှစ်သစ်ကူးနေ့။ မြန်မာဘုရင် သီပေါ ပါတော်မူပြီး ပျက်သွားခဲ့တဲ့ မြန်မာ့တပ်မတော်ကို ပြန်လည် စတင်ဖွဲ့ခဲ့တာလဲ ပြာသိုလဆန်း ၁၀ ရက်နေ့မှာပဲ မဟုတ်ပါလား။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ကို မွေးဖွားခဲ့တာကလည်း ပြာသိုလပြည့်ကျော် ၁၄ ရက်နေ့ပါ။ စာရေးဆရာကြီး သိန်းဖေမြင့် ကွယ်လွန်ခဲ့တာလည်း ပြာသိုလဆန်း ၇ ရက် ဖြစ်သလို မြန်မာပြည် လွတ်လပ်ရေး ရခဲ့တာကလည်း ပြာသိုလပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့မှာပဲလေ။ အဲ့သည်လို ထူးခြားနေ့တွေ ရှိခဲ့တဲ့  ပြာသိုလဆိုတာ ဘာအဓိပ္ပါယ်လဲ။ စွယ်စုံကျမ်းမှာ အောက်ကအတိုင်း မှတ်တမ်း ရှိလေရဲ့။ ပြာသိုလ။ ။ ပြာသိုလသည် မြန်မာလ တဆယ့်နှစ်လတွင် ဆယ်ခုမြောက်လ ဖြစ်၏။ ဆောင်းဥတုတွင် ပါဝင်သည်။ ပြာသိုလကို ပုဂံခေတ် ကျောက်စာများတွင် “ ပ္လသေီဝ်”။ “ ပ္လသိုဝ်”။ “ပ္လါသိုဝ်” ဟူ၍ ရေးသားလေ့ရှိ၏။ ပြာသိုလအကြောင်းကို ဝေါဟာရ လီနတ္ထ ဒီပနီကျမ်းတွင် သင်္သကြိုဋ် ဘာသာ၌ မကာရ ရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်သော လပြည့်နေ့ကို ပေါပီ ခေါ်ကြောင်း။ ထိုမှ ပါဠိဘာသာ ပြာသိုလဟော ပေါသီသို့ သက်ကြောင်း၊ ပေါသီကိုပင် ကာလရှည်ကြာသဖြင့် ပြောသီ၊ ပြာသိုဟု ခေါ်ဝေါ်ကြကြောင်းများ ဖော်ပြထား၏။ ထို့ပြင်လည်း ပြာသိုလကို ဖယောင်း၊ ပျားဖယောင်း၊ ပျားဖယောင်းများစု၍ အရဆုံးသောလ၊ ပျားဖယောင်းလဟူ၍ ယူဆကြသည်လည်း ရှိ၏။ ဗေဒင်အခေါ်အားဖြင့် ပြာသိုလကို မကာရရာသီဟု ခေါ်သည်။ ထိုရာသီတွင် ဖုသျှနက္ခတ်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်၏။ နေမင်းသည် ဥတ္တရာသန် နက္ခတ်နှင့် ယှဉ်ပြိုင်သည်။ ရာသီရုပ်မှာ မကန်းငါးရုပ်ဖြစ်၏။ ရာသီပန်းမှာ ခွာညိုပန်းတည်း။ ဤသည်ကိုရည်၍ ဖိုးသူတော် ဦးမင်းက ပြာသိုလဘွဲ့တွင် - “ငွေသော်တာ စန္ဒနှင့်၊ ဖုသျှတဲ့လမ်းဆုံ။ တိမ်လွှာမှာ ရောင်ဝါကျင်းလို့၊ ထိန်ဝင်းတူပြိုင်ပ၊ မြန်းကြွခိုက်ကြုံ။ တသိန်ဂုဏ်၊ မြိုင်စုံမြနန်း။ နုစိမ်းစိုစိုနှင့်၊ ပန်းခွာညိုငုံတံထူးတယ်၊ ဖူးပွင့်ချက်ဆန်း။” ဟူ၍ ရေးစပ်ထားခဲ့လေသည်။ ဗုဇွန်တာရာ ထွန်းပသော ပြာသိုလတွင် ရှေးမြန်မာမင်းများ ရှိစဉ်အခါက မြင်းခင်းသဘင်ခေါ် မြင်းခင်းပွဲတော်ကို ကျင်းပမြဲဖြစ်၏။ ဤမြင်းခင်းသဘင်တွင် မှူးသား၊ မတ်သား၊ မင်းသား၊ မင်းမြေးတို့သည် မိမိတို့ ရရှိခဲ့ကြသော အဆောင်အယောင်၊ အဆင်တန်ဆာများကို ၀တ်စားဆင်ယင်ကြ၍ ဆင်ရေး၊ မြင်းရေး၊ သေနတ်ရေး၊ လှံရေး၊ လေးရေး၊ ဓါးရေး၊ အခုန်အပြေး စသည်ဖြင့် အမျိုးမျိုး လေ့ကျင့်မြဲ၊ ကျင်းပမြဲ ဖြစ်သည်။ ဤကိုရည်၍ အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီ လူးတားတွင် ဦးအောင်ကြီးက - “သာစွလေ။ ။ ရွက်ပြေမြညို၊ ခါကိုလည်းလင့်၊ ပင်တိုင်းပွင့်၍၊ နှင်းနှင့်မြငွေ့၊ လပြည့်နေ့ဝယ်၊ ပြိုင်၍ဖုသျှ၊ မဂါရဟု၊ ဆောင်းလရာသီ၊ အညီပေါ်မှန်း၊ ကြိုင်ပျံ့မွန်းသည်။ နွယ်ပန်းလှိုင်လို၊ လပြာသိုကား၊ မိန်ညိုချပ်ဝတ်၊ လျောက်ပတ်ဆောင်ယောင်၊ မှူးခေါင် မတ်ဖျား၊ မင်းသား မင်းမြေး၊ ဆုံးရေးမတ်လျက်၊ စွယ်ရှက်ချီပင့်၊ ချွန်းဖွင့်တိုက်လျှင်၊ ဆင်တပ်ပြင်၍၊ ခြေလျင် ခြေချင်း၊ မြင်းလည်း မြင်းလျောက်၊ ထိုးမြှောက် လှံလေး၊ ခုန်ပြေးသံလျင်၊ စိုင်းနှင် ကြွားကြွား၊ ဓါးသွားခုတ်ငင်၊ မွမ်းမွမ်းဖြင်မျှ၊ သဘင်မြင်းခင်း၊ စစ်ဆင်ကျင်းသည်။ စီးနင်းကြော့ လန်းလန်းတည့်လေး။ ။” ဟူ၍ စပ်ဆိုထားပေသည်။ ဤသို့ မြင်းခင်းသဘင် ဆင်ယင်ကျင်းပရာ၌ လှံရေးကစားရာတွင် ၀တ်ဆင်ရသော အ၀တ်တန်ဆာ၊ ကစားသူတို့၏ အမူအရာတို့ကို ဆယ့်နှစ်ရာသီဘွဲ့ “ပြာလဲ့ညက်စင်ချီ” ရတုတွင် - “ဝေေ၀ဆီးနှင်း၊ ချမ်းဘိခြင်းကို၊ မြင်းခင်းထွက်ဆဲ၊ စက်ထိုးပွဲမှာ၊ နွှဲကာ နွှဲကာ။ ရိန္ဒမာပျံ၊ စကြာလှံနှင့်၊ ကေဆံမသိမ်း၊ အားယူတိမ်း၍၊ ဖဲစိမ်းဝတ်လုံ၊ ရင်စီးခြုံလျက်၊ ထောင်ပုံရာထဲ၊ ချက်တိုင်းစွဲအောင်၊ ဖန်လည်းမညိုး၊ မောင်းရင်းကိုး၍၊ မထိုးစေရ . . .” ဟူ၍ စပ်ဆိုထားသည်ကို တွေ့ရပေသည်။ ပြာသိုလတွင် နံနက် စက်နာရီ ၆ နာရီ ၃၈ မိနစ်တွင် နေထွက်၍ ညနေ စက်နာရီ ၅ နာရီ ၄၁ မိနစ်တွင် နေ၀င်လေသည်။ မြန်မာနာရီအားဖြင့် နေ့ ၂၄ နာရီ ရှိပြီးလျှင်၊ ည ၃၆ နာရီ ရှိ၏။ ဤသည်ကိုရည်၍ ဦးယာ၏ ဆယ့်နှစ်ရာသီလူးတား ပြာသိုလဘွဲ့တွင် - “ရာသီညွန့်လန်း၊ နွယ်ပန်းခွာညို၊ နှင်းစိုချမ်းစိမ့် လွမ်းလိမ့်လေ။ ။ တထွေဆန်းစ၊ မကာရဟု၊ စရရာသီ၊ နာရီနှစ်ခန်း၊ ချင့်မှန်းတိုင်းထွှာ၊ နေ့မှာ နှစ်ဆယ်၊ စွန်းကယ်ဇယ၊ ညဥ့်သို့ကျသော်၊ ဆနှင့်တြိန်း၊ ကိန်းခန်းသင်္ချာ၊ တသိန်းသာ၍၊ စွန်းပါငါးသောင်း၊ အပေါင်းသည်မျှ၊ ဓါတ်အိမ်ပြလျှက်၊ နှင်းကျမှိုင်းရီ၊ ပထ၀ီဟု၊ ရာသီစရ၊ ပြာသိုလတွင်၊” ဟူ၍ စပ်ဆိုထားလေသည်။ ပြာသိုလတွင် သောကြာနေ့နှင့် ဗုဒ္ဓဟူးနေ့များသည် ပြဿ    ဒါးနေ့များဖြစ်၍ ကြာသပတေးနှင့် စနေနေ့များသည် ရက်ရာဇာများ ဖြစ်လေသည်။ ပြာသိုသည် ရက်စုံကွယ်လ ဖြစ်သောကြောင့် ရက်ပေါင်း ၃၀ ရှိ၏။ ပြာသိုလပြည့်နေ့ အမေနေ့ မြန်မာပြည်ရဲ့ အမေနေ့ဟာ ပြာသိုလပြည့်ပါ။ ရုပ်ရှင်မင်းသား ကျော်သူရဲ့ နာရေးကူညီမှုအသင်းကို တည်ထောင်ဖို့ လမ်းညွှန်ခဲ့သူ စာရေးဆရာ ဒါရိုက်တာ ဦးသုခကြောင့် အမေနေ့ကို သတ်မှတ်နိုင်ခဲ့တာပါ။ မြန်မာ့ယဉ်ကျေးမှုမှာ မိခင်ကို မာတာပိတုဂုဏောအနန္တော ဘုရားနဲ့ တဂိုဏ်းတည်းထားပြီး ပူဇော် ရိုသေကြမြဲပါ။ ၁၉၉၅ ခုနှစ် ဇန်န၀ါရီ ၁၅ ရက် မြန်မာနှစ် ၁၃၅၆ ခုနှစ် ပြာသိုလပြည့်၊ တနင်္ဂနွေနေ့မှာ ဦးသုခရဲ့ တိုက်တွန်းချက်နဲ့ ပထမဆုံး အမေနေ့ကို မန္တလေးမှာ စ ကျင်းပခဲ့ပါတယ်။ မိဘကျေးဇူးဆပ်နည်း စတဲ့ ပညာပေး ဟောပြောပွဲတွေ၊ ခေတ်လူငယ်တွေ မိခင်ကို မြတ်နိုးတတ်စေရေး ဟောပြောပွဲတွေ၊ မိခင်များ ကန်တော့ ပူဇော်ပွဲတွေကို ပြာသိုလပြည့်တိုင်း ကျင်းပကြပါတယ်။ “အမေဆိုတဲ့ စကားလေးနှစ်လုံးကို အသံထွက်အောင် ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အလွန်ချိုမြိန်တဲ့၊ သာယာတဲ့၊ စိတ်ချမ်းသာတဲ့၊ မေတ္တာနဲ့ ထုံမွမ်းတဲ့ အရသာကို ခံစားရပါလိမ့်မယ်” လို့ ဆရာကြီး ဦးသုခက ပထမဆုံးအကြိမ် မန္တလေး အမေနေ့ ပြာသိုလပြည့် ဟောပြောပွဲမှာ ဆိုခဲ့ဖူးပါတယ်။ ကရင်နှစ်သစ်ကူးနေ့ (ပြာသိုလဆန်းတရက်) ပြာသိုလဆန်း တရက်ဟာ စကောကရင်ဘာသာ သလေ လဆန်းတရက်၊ ပိုးကရင်အခေါ် ထိုင်ခေါက်ဖိုး လဆန်း ၁ ရက်နဲ့ ညီပါတယ်။ အစိုးရ ပထမဆုံး အသိအမှတ်ပြု ကရင်နှစ်သစ်ကူး ရုံးပိတ်ရက်ဟာ ခရစ်နှစ် ၁၉၃၈ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်၊ မြန်မာနှစ် ၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ကရင်နှစ် ၂၆၇၇ ခုနှစ် (သလေ/ထိုင်ခေါက်ဖိုး) လဆန်း ၁ ရက် ဖြစ်ပြီး အဲ့ဒီနေ့မှာ ၀တ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ရှေးယခင်က ကရင်နှစ်သစ်ကူးနေ့ကို မြန်မာနဲ့၊ ခရစ်နှစ်ဆန်း တရက်နေ့တွေမှာ ကျင်းပခဲ့ကြတယ်။ ကရင်ဖိုးပိုက်ဆံဘာသာဝင်တွေက တပို့တွဲလဆန်း ၄ ရက်၊ ရသေ့ဘာသာဝင်တွေက တပေါင်းလပြည့်ကျော် ၁ ရက် စသဖြင့် ၁၉၃၈ ခုနှစ် မတိုင်ခင်က အကွဲကွဲ အပြားပြား ကျင်းပခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာ သုတေသန ပြုတဲ့အခါ သမိုင်းပညာရှင် ဂျီ အိပ်ခ်ျ လူ့စ် (G.H. Luce) နဲ့ ဂျီ၊အီး ဟာဗီ (G.E.Harvey)၊ အမျိုးသားပညာဝန် ဦးဖိုးကျားတို့ရဲ့ မြန်မာရာဇ၀င်အရ ကရင်တွေ မြန်မာ့မြေကို ရှေးဦးအစ ၀င်ရောက်လာခဲ့ကြတဲ့ ဘီစီ ၇၃၉ ခုက စပြီး ကရင့် ခုနှစ် သက္ကရာဇ်ကို ရေတွက်ခဲ့ကြပါတယ်။ အခု ခရစ် ၂၀၁၆ ခုနှစ် မြန်မာနှစ် ၁၃၇၇ ကရင်နှစ် ၂၅၇၇ ခုနှစ် ပြာသိုလဆန်း တရက်ဟာ ကရင်နှစ်သစ်ကူးနေ့။ မြန်မာ့တပ်မတော်စတင်ဖွဲ့တဲ့နေ့ (ပြာသိုလဆန်း ၁၀ ရက်နေ့) ၂၆ ဒီဇင်ဘာ ၁၉၄၁ ခုနှစ် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ (မြန်မာ ၁၃၀၃ ခုနှစ် ပြာသိုလဆန်း ၁၀ ရက်) က ဘန်ကောက်မှာ ဗမာ့တပ်မတော်ကို လက်မောင်းသွေးဖောက် သောက်ကြပြီး စတင်ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာ ဘုရင့်တပ်မတော်ဟာ ၁၈၈၅ မှာ အင်္ဂလိပ်က သိမ်းအပြီး ပျက်သွားပါတယ်။ နောက်ထပ် ၅၆ နှစ်ကြာ အင်္ဂလိပ်ကို ပြန်တိုက်ဖို့ ရဲဘော် ၃ ကျိပ် ဂျပန်မှာ စစ်ပညာသင်ပြီးအပြန် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ (မြန်မာ ၁၃၀၃ ခုနှစ် ပြာသိုလဆန်း ၁၀ ရက်) က ဘန်ကောက်မှာ ဗမာ့တပ်မတော်ကို လက်မောင်းသွေးဖောက် သောက်ကြပြီး စတင် တည်ထောင်လိုက်ပါတယ်။ န၀တ စစ်အစိုးရ၊ ပြန်ကြားရေးဌာန ၁၉၉၁ ခုနှစ်ထုတ် မြဒေါင်းညိုရေး ရဲဘော်သုံးကျိပ်စာအုပ် စာမျက်နှာ ၁၁ မှာဆိုရင် (၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် ဘီ၊ အိုင်၊ အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ထူထောင်ရာတွင် ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း၊ နိပွန်အမည် (အိုမိုတ) သည် ရဲဘော်များနှင့်အတူ မြန်မာ့လွတ်လပ်ရေးကို ဦးလည်မသုန် ဦးဆွေးဆံမြည့်သည့်တိုင် တိုက်ခိုက်ရမည်ဟု ဓိဋ္ဌာန်ပြီး သွေးသောက်ခဲ့ကြလေသည်။) လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီဇင်ဘာလ ၂၆ ရက်နေ့ဟာ ဗမာ့တပ်မတော်တည်းဟူသော သတို့သားကို မီးရှူးသန့်စင် ဖွားမြင်ခဲ့တဲ့ နေ့ရက်ပါ။ အခုဆိုရင် တပ်မတော်ဟာ ၇၅ နှစ်သားပါ။ လက်ရှိမှာ မတ်လ ၂၇ ရက်ကို တပ်မတော်နေ့ဆိုပြီး ကျင်းပနေကြပေမယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦးကတော့ (မွေးဖွားတဲ့နေ့ဟာ သူ့မွေးနေ့ပဲ ဖြစ်ရမှာပေါ့။ တပ်မတော်ဟာ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သိတဲ့အတိုင်းပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေး ရယူခဲ့တဲ့ ရဲဘော်သုံးကျိပ် ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံ လွတ်လပ်ရမယ်ဆိုတဲ့ တိုက်ပွဲကို သန္နိဋ္ဌာန် ချတဲ့နေ့။ အဲ့ဒီနေ့မှာ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေး တပ်မတော် ပေါက်ဖွားတာပေါ့ကွာ။ အဲ့ဒီ ပေါက်ဖွားတဲ့နေ့ဟာတော့ တပ်မတော်နေ့၊ တပ်မတော်မွေးနေ့ ဖြစ်ထိုက်တာပေါ့။) လို့ ဒီဗွီဘီ ရုပ်မြင်သံကြားကို ပြောခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် မွေးဖွားခဲ့တဲ့လ သူ့အပြုံး မရိမသဲ့၊ နွဲ့နွဲ့လျလျ၊ ပြပြကတေ့၊ စေ့တစေ့လျှင်၊ ထေ့ထေ့ကလေး၊ စန်းယုန်ကွေးနှယ်၊ ညာဘေး ထက်ဖျား၊ နှုတ်ခမ်းပါးတွင်၊ ခန့်ညား တည်ကြည်၊ ညွှန်းရည်မေတ္တာ၊ ကရုဏာနှင့်၊ သစ္စာနိမိတ်၊ ပုံရိပ်ထင်ဟပ်၊ ရာဇတ်မည်တွင်၊ ဆရာရှင်၏၊ ကြည်လင်ရွှန်းတင့် ပြုံးပန်းပွင့်လွှာ၊ ရတနာသည်၊ ပသာဒဂုဏ်၊ မြောက်သည်တကား။ ။  (မောင်သန်းတင်) ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် (ခေါ်) ဦးမောင်မောင်ကြီးကို တိုက်ပိုင် အင်စပတ်တော် ဦးအဗ္ဗဒူရ် ရဟ်မန်နှင့် ဒေါ်ငြိမ်းလှတို့က ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၂၀ ရက် (မြန်မာသက္ကရာဇ် ၁၂၅၉ ခုနှစ်၊ ပြာသိုလဆုပ် ၁၄ ရက်) မိတ္ထီလာမှာ  မွေးဖွားခဲ့ပါတယ်။ ဆရာကြီးဟာ အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ ဘာသာတို့မှာ အထူး ကျွမ်းကျင်ပါတယ်။ ၁၉၂၀ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး ၁၉၂၁ မှာ မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း ပါဠိနဲ့ အင်္ဂလိပ်ဘာသာ အထက်တန်းပြ ဆရာအဖြစ် စလုပ်ကိုင်ခဲ့တယ်။ ဆရာကြီးဦးရာဇတ်ဟာ ၁၉၄၅-ခု မန္တလေးခရိုင် ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလအဖွဲ့) ရဲ့ ပထမဦးဆုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံရတယ်။ လွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလ ကျင်းပတဲ့အခါ ဦးရာဇတ်ဟာ မန္တလေးမြို့မအရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရလို့ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ ပညာရေးဝန်ကြီး ဖြစ်လာတယ်။ မန္တလေးတက္ကသိုလ် တည်ထောင်ရာမှာ ပါဝင်ခဲ့တယ်။ ဒါကြောင့် မန္တလေးတက္ကသိုလ်မှာ ပထမဦးဆုံး ဆောက်လုပ်ခဲ့တဲ့ အဆောင်ကို ရာဇတ်ခန်းမဆောင်လို့ အမည်ပေးခဲ့တယ်။ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် တခြားခေါင်းဆောင်တွေနဲ့အတူ လုပ်ကြံခံရပါတယ်။ ဒီတုန်းက ဆရာကြီးကို သွေးအိုင်ထဲက ပွေ့ထူချိန် ငါကအရေးမကြီးဘူး။ ဗိုလ်ချုပ်နဲ့ သခင်မြတို့က ပိုဆိုးပုံရတယ်။ သူတို့ကိုသာ ဂရုစိုက်ကြ လို့ နောက်ဆုံး ပြောသွားခဲ့တယ် ဆိုပါတယ်။ စာရေးဆရာကြီး သိန်းဖေမြင့် (၁၃၃၉ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ကွယ်လွန်) ထင်ရှားတဲ့ “တက်ဘုန်းကြီး”၊ “တက်ခေတ်နတ်ဆိုး”၊ “အရှေ့ကနေ၀န်းထွက်သည့်ပမာ” စတဲ့ စာအုပ်အတော်များများ ရေးသားခဲ့သူ စာရေးဆရာကြီး သိန်းဖေမြင့်ဟာ ၁၉၇၈ ခုနှစ်၊ ဇန်န၀ါရီ ၁၅ ရက်၊ ၁၃၃၉ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် တနင်္ဂနွေနေ့ ၆၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သိန်းဖေမြင့်ကို စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မှာ အဖ မြေတိုင်းစာရေး ဦးဘ၊ အမိ ဒေါ်မြင့်တို့က ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် သောကြာနေ့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်က မောင်ဘမောင်ပါ။ မန္တလေးကောလိပ်၊ ရန်ကုန်တက္ကသိုလ်၊ ကာလကတ္တား တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့သူ ဖြစ်တယ်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌတာဝန် ယူခဲ့ဖူးသလို ကွန်မြူနစ်ပါတီခေါင်းဆောင်၊ ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင် တာဝန်ကြီးတွေလည်း ထမ်းဆောင်ခဲ့တယ်။ ၀တ္ထ္ထု တို - ရှည်၊ ဆောင်းပါး၊ ခရီးသွားစာပေ၊ အထ္ထ္ထုပ္ပတ္တိ၊ နိုင်ငံရေးစာပေတွေ အများအပြား ရေးသားခဲ့တယ်။ “အရှေ့ကနေ၀န်းထွက်သည့်ပမာ” နဲ့ စာပေဗိမာန် ၀တ္ထုရှည်ဆု (၁၉၅၈)၊ “၀ိသေသတိုင်း သမိုင်းအစ” နဲ့ အမျိုးသားစာပေ စာပဒေသာ ပထမဆု (၁၉၆၇)၊ “သီတာပြုံး” စာအုပ်နဲ့ အမျိုးသားစာပေ ၀တ္ထုရှည် တတိယဆု (၁၉၆၈) ရရှိခဲ့တယ်။ သိန်းဖေမြင့်ရဲ့ ကလောင်ခွဲတွေကတော့ ၀နေ ငဖေ၊ သိန်းနေနွယ်၊ တက္ကသိုလ် အကျော့၊ တကောင်ကြွက်၊ ဦးကျောက်လုံး၊ သိန်းဖေနဲ့ မောင်တူတို့ ဖြစ်တယ်။ ၁၃၃၉ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ကွယ်လွန်သွားခဲ့ပါတယ်။ လွတ်လပ်ရေးနေ့  (ပြာသိုလပြည့်ကျော် ၉ ရက်၊ ၁၃၀၉ ခုနှစ် တနင်္ဂနွေ) နယ်ချဲ့လက်အောက်က လွတ်လပ်ရေး ရခဲ့တဲ့နေ့ဟာ မြန်မာ ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက် တနင်္ဂနွေနေ့ဖြစ်ကြောင်း အားလုံးအသိပါ။ အထူး မပြောတော့ပါဘူး။ ဒီလို လွတ်လပ်ရေးနေ့၊ မြန်မာ့တပ်မတော် စဖွဲ့တဲ့နေ့၊ အမေနေ့၊ ကရင်နှစ်သစ်ကူးနေ့၊ စာရေးဆရာကြီး သိန်းဖေမြင့်၊ အာဇာနည်ကြီး ဦးရာဇတ် စတဲ့ ထင်ရှားသူတွေနဲ့ သက်ဆိုင်တဲ့ ပြာသိုလမှာ တခြားထင်ရှား ထူးခြားချက်တွေလည်း ရှိနေဦးမှာပါခင်ဗျာ။      ။ - ကိုးကား - ၁။ တခုသောငွေရတုသဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား (သိန်းဖေမြင့်) ၂။ ရဲဘော်သုံးကျိပ် (မြဒေါင်းညို) န၀တ စစ်အစိုးရ၊ ပြန်ကြားရေးဌာန ၁၉၉၁ ထုတ် ၃။ မြန်မာ့ဆယ်နှစ်လအကြောင်း (မောင်ထင်) - ပါရမီစာပေ ၄။ ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ။ (ခင်မျိုးချစ်၊ ဂျူနီယာဝင်း) - ဒေါင်းစာပေ ၅။ မြန်မာ့စွယ်စုံကျမ်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ရန်ကုန်မြို့ - စာပေဗိမာန်
6 years Ago
Up