နျူကလီးယားအစီအစဉ် စွန့်လွှတ်ရန် မြောက်ကိုရီးယားကို တောင်ကိုရီးယား တိုက်တွန်း

September 29, 2017

နျူကလီးယားအစီအစဉ် စွန့်လွှတ်ရန် မြောက်ကိုရီးယားကို တောင်ကိုရီးယား တိုက်တွန်း

နျူကလီးယားအစီအစဉ် စွန့်လွှတ်ဖို့ မြောက်ကိုရီးယားကို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ၆၉ နှစ်မြောက် တောင်ကိုရီးယား တပ်မတော်နေ့ မိန့်ခွန်းပြောကြားရာမှာ  တိုက်တွန်းသွားခဲ့ပါတယ်။ တောင်ကိုရီးယား တပ်မတော်နေ့ဟာ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တာဖြစ်ပေမယ့် ကောက်ရိတ်ပွဲတော် နှစ်သစ်ကူးနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် ရက်အနည်းငယ်စောပြီး ကျင်းပခဲ့တာပါ။ ၁၉၅၀ တောင်၊ မြောက်ကိုရီးယားစစ်ပွဲမှာ တောင်ကိုရီးယားတပ်တွေ ၃၈ မျဉ်းပြိုင်ဒေသကို ဖြတ်ကျော်သွားတဲ့နေ့ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်နေ့ကို တောင်ကိုရီးယား တပ်မတော်နေ့အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ “ကျနော့်ရဲ့ လတ်တလောရည်မှန်းချက်က ရှင်းရှင်းလေးပါ။ မြောက်ကိုရီးယားရဲ့ ရန်စမှုကို ရန်တန့်အောင် လုပ်ရမှာရယ်၊ သူတို့ရဲ့ နျူကလီးယားအစီအစဉ်ကို စွန့်အောင် စည်းရုံးရမှာရယ်ပါပဲ။ ဒီရည်မှန်းချက် ပေါက်မြောက်အောင် ကျနော်တို့အစိုးရအနေနဲ့ အမြင့်ဆုံး ကြိုးပမ်းနေပါတယ်။ ကျနော်တို့နဲ့ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်မှုဟာလည်း ခိုင်မာသလို ကျနော်တို့ရဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း သမိုင်းမှာ အမြင့်ဆုံးပါပဲ" လို့ သမ္မတ မွန်ဂျေအင်းက ပြောသွားပါတယ်။ တောင်ကိုရီးယားအစိုးရရဲ့ ငြိမ်းချမ်းရေးခိုင်မာအောင် သန္နိဋ္ဌာန်ချ လုပ်ကိုင်နေမှုဟာ ကြီးမားတဲ့ အမျိုးသားကာကွယ်ရေးစွမ်းရည်အပေါ်မှာ တည်ဆောက်ထားပြီး အဆင်ခြင်မဲ့ ရန်စမှုတွေဟာ ပြင်းထန်တဲ့ တန်ပြန်တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ပြောကြားသွားပါတယ်။
4 years Ago
Up