နျူကလီးယားသိပ္ပံပညာရှင်များကို မြောက်ကိုရီးယားပြည်သူများ ဂုဏ်ပြု

September 13, 2017

နျူကလီးယားသိပ္ပံပညာရှင်များကို မြောက်ကိုရီးယားပြည်သူများ ဂုဏ်ပြု

အရင် နျူကလီးယားစမ်းသပ်မှုတွေထက် အင်အားပိုပြင်းထန်တဲ့ မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုမှာ ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေကို မြောက်ကိုရီးယားပြည်သူတွေက ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။ မြို့တော်ပြုံယမ်းကနေ စက်တင်ဘာ ၁၁ ရက်မှာ ကားနဲ့ထွက်ခွာသွားတဲ့ နျူကလီးယား ပညာရှင်တွေကို လူအများက လမ်းဘေးဝဲယာကနေ ပန်းတွေ၊ အလံတွေ ဝှေ့ရမ်းပြပြီး ဂုဏ်ပြုခဲ့ကြတာပါ။ "မကြာခင်ကလုပ်ခဲ့တဲ့ ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုဟာ ကျနော်တို့မှာ ကြီးကျယ်တဲ့ အင်အားရှိတယ်ဆိုတဲ့ အမှတ်လက္ခဏာပါပဲ။ အမေရိကန်ကို ချေမှုန်းနိုင်တယ်ဆိုတာ လက်တွေ့ သရုပ်ပြလိုက်တာဖြစ်သလို မြောက်ကိုရီးယားပြည်သူတွေကိုလည်း အောင်နိုင်သူဆိုတဲ့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုကို ရစေပါတယ်" လို့ မြောက်ကိုရီးယား နိုင်ငံသားတဦးဖြစ်တဲ့ ရီဟောင်ချိုက ပြောကြားသွားတာပါ။ “ကျနော်တို့ ဒီမှာ အခုလို စုရုံးရောက်လာကြတာက ကျနော်တို့ရဲ့ ဂုဏ်ယူဖွယ်ရာ နျူကလီးယား ဖန်တီးသူတွေကို ဂုဏ်ပြုနှုတ်ဆက်ဖို့ပါ။ ကျနော်တို့ အခိုင်အမာယုံကြည်တာက ကျနော်တို့ရဲ့ နျူကလီးယားသိပ္ပံပညာရှင်၊ တီထွင်သူတွေဟာ ကျနော်တို့ကိုယ်ပိုင်ဟန်ရှိတဲ့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်နိုင်ပြီးတော့ ကျေန်ာတို့ရန်ဘက်နိုင်ငံတွေ ကျနော်တို့အပေါ် ရန်လိုတဲ့မူဝါဒတွေ ရပ်တန့်သွားတဲ့အထိ စွမ်းဆောင်နိုင်ပါလိမ့်မယ်" လို့ ကင်အီဆွန်းတက္ကသိုလ်က ဆေးကောလိပ်ကျောင်းသားတဦးဖြစ်တဲ့ ကန်ချိုက ပြောကြားသွားပါတယ်။ မကြာခင်က မြောက်ကိုရီးယား စမ်းသပ်ခဲ့တဲ့ ဟိုက်ဒရိုဂျင်ဗုံးဟာ သူ့အရင် စမ်းသပ်ပစ်လွှတ်ထားတဲ့ အိုင်စီဘီအမ် တိုက်ချင်းပစ်ဒုံးကျည်မှာ တပ်ဆင်ပစ်ခတ်ဖို့ ဒီဇိုင်းဆင်ထားတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up