မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက မြေပြင်ပစ် မစ်ဇိုင်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်တဲ့ လေ့ကျင့်မှုကို စစ်ဆေးရင်းနဲ့ နျူကလီးယား လက်နက် စွမ်းရည်မြှင့်တင်ဖို့ အမိန့်ပေးခဲ့တယ်လို့ အစိုးရပိုင် မီဒီယာက ထုတ်လွှင့်ပြသပါတယ်။
ကေအာတီ သတင်းမှာ ညအချိန် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို တွေ့ရပါတယ်၊ ဒါပေမယ့် ဘယ်အချိန်၊ ဘယ်နေရာမှာ လေ့ကျင့်မှု ဆိုတာကတော့ မသိရပါဘူး။
ဒါဟာ မတ် ၁၀ ရက်နေ့က တောင်ကိုရီးယားဘက်အခြမ်း မိုင် ၃၀၀ လောက်အထိ ဦးတည်သွားပြီး ပင်လယ်ပြင်မှာ ကျရောက်ခဲ့တဲ့ တာတိုပစ် ဒုံးကျည် နှစ်စင်း ပစ်လွှတ်မှု ဖြစ်နိုင်ဖွယ် ရှိပါတယ်။
သတင်းထဲမှာ ကင်ဂျုံအန်းက နျူကလီးယား လက်နက်ကို တဖြည်းဖြည်း စွမ်းရည် တဖြည်းဖြည်း မြှင့်တင်ဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကင်ဂျုံအန်းက တင့်ကား တပ်ဖွဲ့တွေကို စစ်ဆေးတဲ့ ဓာတ်ပုံတွေကိုလည်း ပြသပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက မြောက်ကိုရီးယားက လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက်က တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တင်းမာနေပါတယ်။
နောက်ထပ် စမ်းသပ်မှု လုပ်မယ်ဆိုရင် ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာ ရောက်ပါလိမ့်မယ်။
ဒီရက်တွေအတွင်းမှာ မြောက်ကိုရီးယား မီဒီယာမှာ အခုလို သတင်းမျိုးကို နေ့တိုင်းလိုလို ၀ါဒဖြန့် ထုတ်လွှင့်နေတာပါ။
တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပူးတွဲစစ်ရေးလေ့ကျင့်နေချိန်မှာ မြောက်ကိုရီးယားက အခုလို တုံ့ပြန်တာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နျူကလီးယားစစ်ကို ဦးတည်စေတဲ့ ခြေလှမ်းအဖြစ် မြောက်ကိုရီးယားက အပြစ်တင်ပြီး အရင်တပတ်ကလည်း ကင်ဂျုံအန်းက နျူကလီးယား လက်နက်ကို အချိန်မရွေး အသုံးပြုနိုင်အောင် ပြင်ဆင်ထားဖို့ သူ့တပ်ကို အမိန့်ပေးခဲ့တယ်လို့ ကေအာတီ သတင်းကပဲ ထုတ်လွှင့်ခဲ့ပါတယ်။
5 years Ago