နျူကလီးယားလက်နက်တိုက် တိုးချဲ့ချင်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော

February 24, 2017

နျူကလီးယားလက်နက်တိုက် တိုးချဲ့ချင်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ နျူကလီးယားလက်နက်တိုက်ကို တိုးချဲ့ချင်တယ်၊ အမေရိကန်ဟာ အဏုမြူလက်နက်တွေရဲ့ စွမ်းရည်မှာ နောက်ကျကျန်နေတယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြောလိုက်ပါတယ်။ ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ အခုလို ပြောလိုက်တာပါ။ တရုတ်ဟာ သူတို့သာအလိုရှိရင် မြောက်ကိုရီးယားရဲ့ အမျိုးသားလုံခြုံရေး စိန်ခေါ်မှုကို အင်မတန် လွယ်လွယ် ဖြေရှင်းနိုင်တယ်လို့လည်း ထရမ့်က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ လက်နက်အင်အားတိုးတက်ရေး လှုပ်ရှားမှုတွေကို ရပ်ဖို့ တရုတ်က သြဇာသုံးရေး ဖိအားပေးလိုက်တာပါ။ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၂၀ က သမ္မတဖြစ်လာပြီး နျူကလီးယားလက်နက်တိုက်နဲ့ ပတ်သက်လို့ ပထမဆုံး မှတ်ချက်ပေးခဲ့တာပါ။ ကမ္ဘာကြီးကို နျူကလီးယားလက်နက် ကင်းစင်စေချင်ပေမယ့် အမေရိကန်ကတော့ နောက်ကျကျန်နေပြီလို့ သူက ပြောပါတယ်။ ဘယ်နိုင်ငံမှာမှ နျူကလီးယားလက်နက် မရှိစေချင်ပေမယ့် နိုင်ငံတွေက နျူကလီးယားလက်နက်ရဖို့ ကြိုးစားနေတယ်၊ ဒီလိုဆိုရင်တော့ အမေရိကန်က ထိပ်ဆုံးမှာ ရှိနေရလိမ့်မယ်လို့ သူက ပြောပါတယ်။ ရုရှားဟာ မြေပြင်အခြေစိုက် ခရုဇ်ဒုံးကျည်ကို တပ်ချထားခဲ့တယ်လို့လည်း ထရမ့်က မကျေမနပ် ပြောပါတယ်။ ၁၉၈၇ ရုရှား-အမေရိကန် သဘောတူညီချက်အရ တာလတ်ပစ်ဒုံးကျည်တွေကို တားမြစ်ပိတ်ပင်ထားပါတယ်။ ရုရှားရဲ့ တပ်ချမှုဟာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်၊ သူ့အတွက် ဒါက ကိစ္စအကြီးကြီးပဲလို့လည်း ထရမ့်က ပြောပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး ပူတင်နဲ့တွေ့ရင် ပြောမယ်လို့ သူက ဆက်ပြောပါတယ်။ လောလောဆယ်မှာ ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ တွေ့ဆုံဖို့ စီစဉ်ထားတာ မရှိသေးပါဘူး။
4 years Ago
Up