နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်

A d v e r t i s e m e n t With Us

November 3, 2016

နျူကလီးယားလက်နက်တားဆီးရေး ဂျပန်-မြန်မာနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေး

  ဂျပန်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဖူမီအိုကီရှီဒါ နဲ့ ဒီနေ့မနက်က တွေ့ဆုံပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ သူတို့နှစ်ဦး တွေ့ဆုံရာမှာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့်ကိစ္စ၊ အာဆီယံ ပေါင်းစည်းဆက်နွယ်ရေး အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁ ရက်ကစလို့ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး ၅ ရက် စတင်ခဲ့တာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်နဲ့လည်း မနေ့က တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။
4 years Ago

September 23, 2016

နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်တွင် မြန်မာအတည်ပြုပါဝင်

နျူကလီးယားဆိုင်ရာအရေးပါတဲ့ နိုင်ငံတကာသဘောတူစာချုပ်တွေထဲက တခုဖြစ်တဲ့ နျူကလီးယားလက်နက်ဖောက်ခွဲစမ်းသပ်မှုအလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ် (CTBT)ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးပြီး နှစ်ပေါင်း ၂၀ အကြာမှာ အတည်ပြုပါဝင်လိုက်ပါတယ်။ မြန်မာနိုင်ငံက ဒီစာချုပ်မှာ အတည်ပြုပါဝင်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၁ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ ဥပဒေရေးရာကောင်စီ လက်ထောက် အတွင်းရေးမှူးချုပ် မန်နူရယ် ဒီဆာပါဆိုရက်စ်ထံ အတည်ပြုစာချွန်လွှာပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာလည်း ဒီစာချုပ်ကိစ္စ ပြောသွားခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ နျူးကလီးယား လက်နက်တွေ ကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်ပေါ်လာစေရေး တိုက်တွန်းအားပေးတယ်လို့ ပြောသွားပါတယ်။ နိုင်ငံတော်သမ္မတက ပေးပို့တဲ့ နျူကလီးယားလက်နက်စမ်းသပ် ဖောက်ခွဲမှုအလုံးစုံ တားဆီး ပိတ်ပင်ရေးစာချုပ်ကို မြန်မာနိုင်ငံက အတည်ပြုဝင်ရောက်ရေးကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်က ပြည်ထောင်စုလွှတ်တော်မှာ တပ်ကိုယ်စားလှယ်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးမှာ အတည်ပြုပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မြန်မာအနေနဲ့ ဒီစာချုပ်မှာအတည်ပြုပါဝင်လိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက “မြန်မာကို အနောက်နိုင်ငံတွေက ပြီးခဲ့တဲ့ နှစ်ကာလ တွေမှာ သူတို့ရဲ့ထင်ကြေးနဲ့ အမျိုးမျိုးစွပ်စွဲတာတွေရှိတယ်၊ ဒေသထဲမှာရှိတဲ့ နိုင်ငံနဲ့ နျူးကလီးယား အစီအစဉ်တွေဘာညာဆိုပြီးတော့။ တကယ်တမ်းမှာ ကျနော်တို့က တိတိကျကျပြောထားပြီး သားပါ။ ဒါပေမယ့်ဘယ်လောက်ပဲ ကျနော်တို့က ပြောပြော သူတို့အနေနဲ့ ယုံမှားသံသယ ရှိနေတယ်။ တကယ်တမ်းမှာ လက်မှတ်ထိုးဖို့ ကျန်နေတာ အာဆီယံထဲမှာဆိုရင် မြန်မာနဲ့ နောက်တနိုင်ငံပဲကျန်တော့တယ်။ ဒီစာချုပ်မှာ နှစ်ပိုင်းရှိပါတယ်၊ တခုက လက်မှတ်ထိုးတာ၊ တခုက အတည်ပြုပါဝင်တာပါ။ အခုကျနော်တို့က အတည်ပြုပါဝင်လိုက်တာပါ။ ဒါကျနော်တို့ အနေနဲ့ နျူးကလီးယားနဲ့ ပတ်သက်ပြီး အထူးသဖြင့် စမ်းသပ်မှုတွေ လုံးဝလုပ်မှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုးပေါ့။ ကျနော်တို့အနေနဲ့လက်မှတ်ထိုးပြီးဖော်ပြလိုက်တာပါ”လို့ ဒီဗွီဘီိကိုပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီစာချုပ်ကို ၁၉၉၆ခုနှစ်ကတည်းက သဘောတူလက်မှတ်ထိုးထားရာက နှစ်ပေါင်း ၂၀ လောက်အကြာမှ အတည်ပြုပါဝင်နိုင်တာဖြစ်ပြီး ခုဆိုရင် မြန်မာအပါအ၀င် ဒီစာချုပ်မှာ အတည်ပြုပါဝင်တဲ့နိုင်ငံပေါင်း ၁၆၆ နိုင်ငံရှိ သွားပြီဖြစ်ပါတယ်။ အခုလို နှစ်ပေါင်းများစွာကြာမှာ မြန်မာနိုင်ငံကစာချုပ်မှာ အတည်ပြုပါဝင်နိုင်တဲ့တာနဲ့ ပတ်သက်ပြီး အမြဲတမ်းအတွင်းဝန်ကဦးကျော်ဇေယျက ရှင်းပြပါတယ်။ “ကျနော်တို့ဒီစာချုပ်ကို လက်မှတ်ထိုးတဲ့အခါမှာ နိုင်ငံခြားရေးဌာနကတော့ ညှိနှိုင်းဆောင်ရွက်ရတဲ့ ၀န်ကြီးဌာနသဘောမျိုးဖြစ်ပါတယ်။ အဓိက အဲဒီအချိန်တုန်းက သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနပါ။ ကျနော်တို့ လက်မှတ်ထိုးတဲ့အခါမှာ လက်မှတ်ထိုးရင်းနဲ့ တခါထဲ အတည်ပြုပါဝင်မလား၊ ဒါမှမဟုတ် အတည်ပြုပါဝင်ဖို့ နောက်မှ အကြောင်းကြားမယ်လုပ်တဲ့အခါကျတော့ သက်ဆိုင်တဲ့ လိုက်နာရမယ့် ကတိက၀တ်တွေဟာ သိပ္ပံနဲ့ နည်းပညာဌာနတခုထဲမဟုတ်ဘဲ ၀န်ကြီးဌာန အများကြီးမှာ သွားပြီးရှိနေတယ်ဆိုတာ ပြန်ရှင်းပြတယ်။ အဲဒီတော့ လိုက်နာအကောင်အထည် ဖော်ရမယ့်ဟာတွေဟာ တချို့ဝန်ကြီးဌာနတွေနဲ့ ဆိုင်တယ် သူတို့ရဲ့ သိရှိမှု၊ စွမ်းဆောင်ရည်နဲ့ လိုက်နာဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးတွေ တော်တော်လေးကို အသေးစိတ်တဲ့ သဘောမျိုးရှိတယ်။ ဆိုတော့ ၀န်ကြီးဌာန တခုထဲနဲ့ အတည်ပြုပါဝင်တယ်ဆိုပြီး လုပ်လို့မရဘူး။ ပတ်သက်ဆက်နွယ်သူတွေအားလုံး ပါဝင်ဆောင်ရွက်မှလုပ်လို့ရတာ၊ ဒီလုပ်ငန်းစဉ်ကို အားလုံးသိရှိအောင်လုပ်ဖို့ လိုမယ်၊ ကိုယ်ဘာလုပ်ရမယ်ဆိုတာ သက်ဆိုင်ရာ ၀န်ကြီးဌာနတိုင်းက သိပြီးမှသာ ကျနော်တို့က အတည်ပြုပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်” နျူကလီးယားလက်နက်ဖောက်ခွဲစမ်းသပ်မှုအလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်ကို မြောက်ကိုရီး ယား၊ အိန္ဒိယနဲ့ ပါကစ္စတန်အပါအ၀င် ၁၃ နိုင်ငံက လုံးဝသဘောတူလက်မှတ်မထိုးသေးပါဘူး။ အမေရိကန်၊ တရုတ်၊ အစ္စရေးနဲ့ အီရန် စတဲ့နိုင်ငံတွေကတော့ စာချုပ်ကိုသဘောတူ လက်မှတ်ထိုးပေမယ့် အတည်ပြုပါဝင်ခြင်းမရှိသေးပါဘူး။
4 years Ago
Up