နျူကလီးယားစမ်းသပ်မှု အရှိန်မြှင့်လုပ်ဆောင်မည်ဟု မြောက်ကိုရီးယား ကြေညာ

May 2, 2017

နျူကလီးယားစမ်းသပ်မှု အရှိန်မြှင့်လုပ်ဆောင်မည်ဟု မြောက်ကိုရီးယား ကြေညာ

မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယားစမ်းသပ်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ "အခုချိန်မှာ အမေရိကန်က ကျနော်၊ ကျမတို့နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့ ဖိအားပေး လုပ်ဆောင်နေတယ်။ မြောက်ကိုရီးယားရဲ့ အမြင့်ဆုံးဖိအားနဲ့ တုံ့ပြန်ခြင်းလို့ နာမည်ပေးထားတဲ့ မူဝါဒအသစ်တခုအရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် စမ်းသပ်ထုတ်လုပ်ရေးတွေကို အရှိန်မြှင့်တင်သွားပါမယ်" လို့ မြောက်ကိုရီးယားအစိုးရပိုင် တီဗွီသတင်းမှာ ကြေညာခဲ့ပါတယ်။ ဆက်လက်ပြီး သတင်းမှာ “နျူကလီးယားအင်အား တိုးမြှင့်ခြင်းကို ခေါင်းဆောင်ကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ အချိန်မရွေး၊ နေရာမရွေး ဆက်တိုက်လုပ်ဆောင်သွားပါမယ်” လို့ ကြေညာခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှာ မြောက်ကိုရီးယားက အမေရိကန်ရဲ့ ရန်လိုမှုနဲ့ ဒေါသတွေကို ရင်ဆိုင်ဖို့ သူတို့ရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်မယ်လို့ ပြောခဲ့တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးကျည် တည်ဆောက်ရေးနဲ့ စမ်းသပ်ရေးတွေဟာ မကျေလည်မှုတွေ အကြီးအကျယ် ဖြစ်လာစေနိုင်တယ်လို့ ပြောခဲ့သလို တရုတ်နိုင်ငံကလည်း ကိုရီးယားကျွန်းဆွယ်က အခြေအနေဟာ ထိန်းချုပ်လို့ မရနိုင်အောင် ပြဿနာကြီးထွားလာနိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။ အထီးကျန် မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပုန်ကန်ပြီး နျူကလီးယားစမ်းသပ်မှု ၅ ကြိမ်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အရင်က မရှိခဲ့ဘူးတဲ့နှုန်းနဲ့ လက်နက်စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီး တာလတ်ပစ်ဒုံးကျည်နဲ့ ရေငုပ်သင်္ဘောကနေပစ်တဲ့ ဒုံးကျည်တွေ စမ်းသပ်တဲ့ အစီအစဉ်ဟာ တိုးတက်မှုတွေ ရှိနေတယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ဧပြီ ၂၉ ရက်နေ့မှာ ဒုံးကျည်စမ်းသပ်မှုတခု ထပ်လုပ်ခဲ့ပြီး မအောင်မြင်ခဲ့ဘူးလို့ အမေရိကန်နဲ့ တောင်ကိုရီးယားက ပြောပါတယ်။ အဲဒီစမ်းသပ်မှုကြောင့် မြောက်ကိုရီးယားကို နိုင်ငံတကာက ဝိုင်းဝန်းရှုတ်ချခဲ့ကြတယ်လို့ သိရပါတယ်။
4 years Ago
Up