နျူကလီးယားစစ်ပွဲဖြစ်ဖို့ လက်တကမ်းသာ

January 17, 2018

နျူကလီးယားစစ်ပွဲဖြစ်ဖို့ လက်တကမ်းသာ လိုတော့ဟု ပုပ်ရဟန်းမင်းကြီး သတိပေး

ကမ္ဘာကြီးဟာ နျူကလီးယားစစ်ပွဲဖြစ်ဖို့ လက်တကမ်းသာ လိုတော့ကြောင်း  ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သတိပေး ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့က ချီလီနဲ့ ပီရူးနိုင်ငံတွေကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်မှာ ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပြု ပြောကြားလိုက်တာ ဖြစ်ပါတယ်။ “ကျနော် ပို့စကတ်တခု တွေ့မိတယ်။ ၁၉၄၅ ခုနှစ်က ပို့စကတ်ပါ။ နောက်ဘက်မှာ ကလေး တယောက်က  သူ့ညီလေးကို ထမ်းပိုးပြီး မီးသဂြုင်္ိဟ်စက်ရှေ့မှာ တန်းစီပြီး စောင့်နေတယ်။ အဲဒီတုန်းက နာဂါဆာကီကို အဏုမြူဗုံးကြဲပြီးချိန်လေ။ အဲဒီပုံလေးကို တွေ့တော့ ကျနော် စိတ်မကောင်းဖြစ်မိတယ်။ ဒါဟာ စစ်ရဲ့ အကျိုးဆက်လေ။ ကျနော် အဲဒီပုံလေးကို ပြန်ထုတ်ပြီး ခင်ဗျားတို့ကို ဝေဖို့ စဉ်းစားထားတယ်။ ဒီပုံလေးတပုံဟာ စကားလုံးပေါင်းများစွာထက် တာသွားတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာကြီးဟာ နျူကလီးယားစစ် ဖြစ်တော့မယ့် အခြေအနေမှာ ရှိပါတယ်။ မတော်တဆ တခုခု ဖြစ်တာနဲ့ ချက်ချင်း စစ်ထဖြစ်မယ့် အနေအထားပါပဲ။ ဒီအတွက် နျူကလီယား လက်နက်တွေကို ဖျက်ဆီးပြီး လက်နက်ဖျက်သိမ်းရေးအတွက် ကြိုးပမ်းဖို့ လိုတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးရေး ကြိုးပမ်းအားထုတ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
4 years Ago
Up