နျူကလီးယားကပ်ဘေး

March 12, 2019

ဂျပန်တွင် ဆူနာမီငလျင်ဘေး ဆိုက်ခဲ့သည့် ၈ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ဆူနာမီငလျင်နဲ့ နျူကလီးယားကပ်ဘေး ဆိုက်ရောက်ခဲ့တဲ့ ၈ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မတ်လ ၁၁ ရက်နေ့က ကျင်းပပါတယ်။ ဒီပွဲကို ဂျပန်တော်ဝင်မင်းသား အာခိရှိနိုနဲ့ တော်ဝင်မင်းသမီး ခိကိုတို့ တက်ရောက်ကြပါတယ်။ ကပ်ဘေးသင့်သူတွေကို ထောက်ပံ့ရေး အတူဆက်ပြီး လုပ်ဆောင်ကြဖို့ ဂျပန်အတွက် အရေးကြီးတယ်လို့ မင်းသား အခိရှိနိုက သူ့မိန့်ခွန်းထဲမှာ ပြောပါတယ်။ အဲဒီ သဘာဝဘေးအတွင်း သေဆုံးခဲ့သူတွေအတွက် တက်ရောက်လာသူတွေက  တမိနစ်ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဂျပန်နိုင်ငံ မိယဂျိစီရင်စုရဲ့ ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး အင်အား ၉ ဒသမ ၀ ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာရှိတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ အရည်ပျော်ကျလာပြီး ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေ ဖိတ်လျှံလာခဲ့လို့ ဒေသခံအများအပြား နေရပ်စွန့်ခွာခဲ့ကြရပါတယ်။ အဲဒီငလျင်ဟာ ဂျပန်နိုင်ငံသမိုင်းမှာ အင်အားအကြီးဆုံး ငလျင်ဖြစ်ပြီး ကမ္ဘာ့အင်အားအကြီးမားဆုံး ငလျင် ငါးခုထဲက တခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ငလျင်၊ ဆူနာမီနဲ့ နျူကလီးယား ကပ်ဘေးဆိုက်မှုကြောင့် လူပေါင်း တသောင်းခွဲကျော် သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းဟာ သက်ကြီးရွယ်အို အဘိုးအဘွားတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် သိန်းချီတဲ့လူတွေဟာလည်း အိုးအိမ်စွန့်ခွာခဲ့ရပြီး ပြန်လည်ထူထောင်ရေး ကာလအတွင်း ကယ်ဆယ်ရေးစင်တာတွေမှာ လနဲ့ချီ နေထိုင်ခဲ့ကြရပါတယ်။
3 years Ago
Up