နို့စားနွားမွေးမြူရေးသမားများက ဥရောပကောင်စီ အဆောက်အဦပေါ် နို့မှုန့်များဖြင့် ဖျန်းပက် ဆန္ဒပြ

January 24, 2017

နို့စားနွားမွေးမြူရေးသမားများက ဥရောပကောင်စီ အဆောက်အဦပေါ် နို့မှုန့်များဖြင့် ဖျန်းပက် ဆန္ဒပြ (ရုပ်သံ)

နို့စားနွားမွေးမြူရေးသမားတွေဟာ ဇန်နဝါရီ ၂၃ ရက်က ဥရောပကောင်စီ အဆောက်အဦပေါ်ကို ကုန်ကားတစီးတိုက် နို့မှုန့်တွေနဲ့ ဖျန်းပက် ဆန္ဒပြခဲ့ပါတယ်။ နို့ကို သတ်မှတ်အစီအစဉ်နဲ့ ရောင်းချရင် ဥရောပနဲ့ နိုင်ငံရပ်ခြားမှာ ဈေးနှုန်းကျလိမ့်မယ်လို့ ပြောရင်း ဆန့်ကျင် ဆန္ဒပြနေတာပါ။ ဥရောပသမဂ္ဂဟာ ဈေးကွက်တည်ငြိမ်စေဖို့ နို့မှုန့်တွေကို အမြောက်အမြား ဝယ်ထားခဲ့ပါတယ်။ ဈေးတွေတက်လာအပြီး သူတို့ထဲက တချို့ကို စပြီး ပြန်ရောင်းထုတ်မယ်လို့ နိုဝင်ဘာလက ပြောခဲ့ပါတယ်။ ဒီနို့မှုန့်တွေ ဈေးကွက်ထဲ ပြန်ဝင်လာရင် ဈေးကွက်ထဲမှာ နို့ဈေးကျမှာကို စိုးရိမ်တယ်လို့ ပြောရင်း နွားမွေးမြူရေးသမားတွေက ဥရောပသမဂ္ဂအဖွဲ့ဝင် အစိုးရတွေ အစည်းအဝေး ပုံမှန်လုပ်ရာ အဆောက်အဦရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ "ဒီနေ့ ပြင်သစ်ကနေ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်ကို လာခဲ့တယ်။ စိုက်ပျိုး မွေးမြူရေးကဏ္ဍကို လုံးဝ လျှော့ပေါ့လွတ်လပ်ခွင့်ပေးတဲ့ နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက်ဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို သေအောင်လုပ်နေတာပဲဆိုတာ ကျနော်တို့နောက်ကွယ်က နိုင်ငံရေးသမားတွေကို ပြဖို့ပဲ။ ဒီလုပ်ရပ်ဟာ ကျနော်တို့ကိုသာမက အာဖရိကမှာနေတဲ့ လူတွေကိုပါ သတ်တာပဲ" လို့ ပြင်သစ် နို့ထုတ်လုပ်ငန်းရှင်က ပြောပါတယ်။ ဥရောပကော်မရှင်ကတော့ သူတို့ဝယ်သိမ်းထားတဲ့ နို့မှုန့်တန်ချိန် ၃ သိန်း ၅ သောင်း ၄ ထောင်ထဲက ပမာဏနည်းနည်းကိုသာ ထုတ်ရောင်းမှာဖြစ်ပြီး ဒီရောင်းချမှုဟာ ဈေးကွက် တည်ငြိမ်မှုကိုရော ဈေးနှုန်းကိုပါ သက်ရောက်မှာ မဟုတ်တဲ့အကြောင်း ဖြေရှင်း ပြောဆိုခဲ့ပါတယ်။
5 years Ago
Up