နိုဘယ်လ်ဆု

December 11, 2017

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် နိုဘယ်လ်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ နိုဘယ်လ်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ဆွီဒင်ဘုရင် ကားလ်ဂုစတပ်ဖ်က ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေနဲ့ စီးပွားရေးပညာဆိုင်ရာ နိုဘယ်လ်ဆုတွေ ချီးမြှင့်ပေးခဲ့ပါတယ်။ ၂၀၁၇ ရူပဗေဒ နိုဘယ်လ်ဆုကို အမေရိကန် သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ရိန်နာဝိုက်စ်၊ ဘယ်ရီဘားနစ်ရှ်နဲ့ ကစ်ပ်သောန်တို့က ရရှိသွားပါတယ်။ ဓာတုဗေဒ နိုဘယ်လ်ဆုကိုတော့ ဆွစ်ဇာလန်၊ အမေရိကန်နဲ့ ဗြိတိသျှသိပ္ပံပညာရှင် ၃ ဦးတို့က ရရှိခဲ့ပါတယ်။ ဆေးပညာ နိုဘယ်လ်ဆုကို တခြား အမေရိကန် သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ဂျက်ဖ်ရီဟော၊ မိုက်ကယ်ရော့စ်ဘတ်ရှ်နဲ့ မိုက်ကယ်ယန်းတို့က ဆွတ်ခူးခဲ့ပါတယ်။ စာပေနိုဘယ်လ်ဆုကို ဗြိတိသျှစာရေးဆရာ ကာဇူအိုအီရှီဂူရိုက ရရှိသွားခဲ့ပါတယ်။ စီးပွားရေးပညာ နိုဘယ်လ်ဆုကို အမေရိကန်ပညာရှင် ရစ်ချက်သယ်လာက ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီ နိုဘယ်လ်ဆုတွေကို သိပ္ပံပညာရှင် အဲဖရက်နိုဘယ်လ် ကွယ်လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နှစ်စဉ်နှစ်တိုင်း ချီးမြှင့်တာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago

October 4, 2017

ဇီဝကမ္မဗေဒ ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦးအား ပူးတွဲပေးအပ်

၂၀၁၇ ခုနှစ်အတွက် ဇီဝကမ္မဗေဒ ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန် သိပ္ပံပညာရှင် ၃ ဦးအား ပူးတွဲပေးအပ်ခဲ့တယ်လို့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် နိုဘယ်လ်ဆုပေးအပ်ရေး ကော်မတီက အောက်တိုဘာ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ နေ့စဉ်လည်ပတ်နေတဲ့ ဇီဝယန္တရားကို ထိန်းချုပ်နေတဲ့ မော်လီကျူးဖြစ်စဉ် ရှာဖွေတွေ့ရှိခဲ့တဲ့ အမေရိကန် သိပ္ပံပညာရှင် ၃ ဦးကို ၂၀၁၇ ခုနှစ်အတွက် ဇီဝကမ္မဗေဒ ဆေးပညာနိုဘယ်လ်ဆု ပူးတွဲပေးအပ်ခဲ့တာပါ။ “အခုရှာဖွေတွေ့ရှိမှုဟာ အရေးကြီးပါတယ်။ ကမ္ဘာက ဝင်ရိုးပေါ်လည်ပြီး နေ့တွေ ညတွေ ဖြစ်နေတဲ့အပေါ်မှာ တည်ပြီး ကျေန်ာတို့ရဲ့ ခန္ဓာကိုယ်ဖြစ်စဉ်တွေမှာလည်း နေ့မှာဖြစ်တာ၊ ညမှာဖြစ်တာ မတူတာတွေရှိတယ်။ ညဆိုရင် ကျေန်ာတို့ အိပ်ကြတယ်။ နေ့ဘက်ဆို စားကြတယ်။ ကျနော်တို့ရဲ့ဘဝတွေက အဲဒီပေါ်မူတည်ပြီး လိုက်လျောညီထွေ ရှင်သန်ရတယ်။ အဲဒီ ပုံမှန်လေးသွားနေရမယ့် စည်းချက်ပျက်သွားရင် ပြဿနာတွေ ဖြစ်တော့တာပဲ။ အဝလွန်တာတွေ ရှိလာမယ်။ ဆီးချို သွေးချိုတွေ ဖြစ်လာမယ်။ အခုစမ်းသပ်နေတဲ့ အကောင်လေးတွေမှာ ဖြစ်တာတွေ လူတွေမှာလည်း ဖြစ်လာနိုင်တာပဲ” လို့ နိုဘယ်လ်ဆုပေးအပ်ရေး ကော်မတီ အဖွဲ့ဝင် ဆွီဒင်နိုင်ငံသား ဇီဝဗေဒပညာရှင်တဦးက ပြောပါတယ်။ သူတို့ ၃ ဦးဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းခန့်ဆုငွေကို ခွဲဝေယူကြရမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up