ကင်ညာ နိုင်ရိုဘီဟိုတယ်ကို ဝင်ရောက်စီးနင်းတဲ့ စစ်သွေးကြွအားလုံးကို တပ်ဖွဲ့ဝင်တွေက ရှင်းလင်းသုတ်သင်လိုက်ပြီလို့ သမ္မတ အူဟူရုကင်ညာတာက ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကင်ညာသမ္မတက နိုင်ရိုဘီဟိုတယ် တိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ ကြေညာပါတယ်။
အသိဉာဏ်ကင်းမဲ့တဲ့ ဒီအကြမ်းဖက်မှုကြောင့် သေဆုံးရသူတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်လို့လည်း သမ္မတက ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် လူ ၇၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရတယ်လို့ သမ္မတ ကင်ညာတာက ပြောပါတယ်။
ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီအချိန်က မြို့တော် နိုင်ရိုဘီရှိ ဒူးဇစ်ဒီတူး ဟိုတယ် ကားပါကင်ထဲမှာ သေနတ်သမား ၄ ဦးက မော်တော်ယာဉ်တွေကို ဖောက်ခွဲပြီးနောက် ဟိုတယ်ကို ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီနောက် သေနတ်သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ည ၈ နာရီဝန်းကျင်မှာ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အဲဒီ နိုင်ရိုဘီဟိုတယ် တိုက်ခိုက်မှုကို ဆိုမာလီအခြေစိုက် အယ်လ်ရှာဘတ် စစ်သွေးကြွတွေက သူတို့လုပ်ဆောင်တာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
2 years Ago