နိုင်ငံခြားရေးဝန်ကြီး

May 15, 2019

လာမည့်ရွေးကောက်ပွဲတွင် ရုရှားအစိုးရ နှောင့်ယှက်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ကန်နိုင်ငံခြားရေးဝန်ကြီး ပြော

လာမယ့် ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားအစိုးရ နှောင့်ယှက်တာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရုရှားနိုင်ငံခြားရေးဝန်ကြီးကို မေလ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။ အဲဒီလို နှောင့်ယှက်တာက ဆိုးရွားနေပြီးသား အမေရိကန်-ရုရှား ဆက်ဆံရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ရုရှားကို ပထမဆုံးလာရောက်တဲ့ ပွန်ပီယိုဟာ ယူကရိန်းကနေ ဗင်နီဇွဲလားအရေးအထိ ကိစ္စရပ်တွေမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်နဲ့ လူသိရှင်ကြား အတိုက်အခံ ဖြစ်ခဲ့ပါတယ်။ သူတို့တွေ့ဆုံပြီးနောက် နှစ်ယောက်စလုံးက ကိစ္စရပ်တွေမှာ အမြင်မတူကြဘူးလို့ ပြောပါတယ်။ ဒါပေမယ့် နှစ်ဖက်စလုံးက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုရှိတယ်လို့ ပြောကြားပြီး ဆိုးရွားနေတဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။ ရှေ့လ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် G20 ဆွေးနွေးပွဲရဲ့ ဆက်စပ်အစည်းအဝေးမှာ ရုရှားသမ္မတနဲ့ တွေ့ဆုံမယ်ဆိုတဲ့ အမေရိကန်သမ္မတ ထရမ့်ရဲ့ ပြောကြားချက်ကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။ အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ရုရှားနဲ့ အမြင်မတူတာတွေ ဆက်ရှိနေဆဲပဲလို့ ပွန်ပီယိုက ပြောခဲ့ပေမယ့် အမေရိကန်ဟာ အခြေခံအားဖြင့် အီရန်နဲ့ စစ်မက်ဖြစ်ပွားဖို့ ကြိုးပမ်းမှာမဟုတ်ဘူးလို့ သူက ပြောခဲ့ပါတယ်။
2 years Ago

January 14, 2019

အီရန်နှင့် အီရတ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တွေ့ဆုံ

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက်ဒ် ဂျာဗက်ဒ် ဇာရိဖ်ဟာ အီရတ်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက်ဒ် အလီ အယ်လ်ဟာကင်မ်နဲ့ ဇန်နဝါရီ ၁၃ ရက်က တွေ့ဆုံပါတယ်။ အီရန်အပေါ် အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်မှု အပါအဝင် ကျယ်ပြန့်တဲ့ နယ်ပယ်တွေအတွင်း ဆွေးနွေးခဲ့ကြတာပါ။ အီရတ်မြို့တော် ဘဂ္ဂဒက်က တရားဝင်ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲလည်း ကျင်းပပါတယ်။ ဓာတ်ငွေ့နဲ့ လျှပ်စစ် ပြည်တွင်းတင်သွင်းမှုအတွက် အီရတ်က အီရန်ကို မှီခိုမှု လျှော့ချဖို့ တိုက်တွန်းရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက အီရတ်ကို လာလည်အပြီး ရက်ပိုင်းအတွင်း ခုလို ဆွေးနွေးတာပါ။ နိုဝင်ဘာလက အမေရိကန်ဟာ အီရန်အပေါ် ပိုတင်းကျပ်တဲ့ ဒဏ်ခတ်မှု ချမှတ်ခဲ့ပေမယ့် အီရန်ကနေ ဓာတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင် ဆက်ဝယ်ဖို့ အမေရိကန်က အီရတ်ကို မတ်လနှောင်းပိုင်းထိ ခွင့်ပြုပေးထားပါတယ်။ အချိန်ကြာပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အစည်းအဝေးအတွင်း ဆီးရီးယားနဲ့ ယီမင် အပါအဝင် နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စ အမျိုးမျိုးကို ဆွေးနွေးခဲ့တယ်လို့ ဟာကင်မ်က ပြောပါတယ်။ အီရန်ဟာ အီရတ်နိုင်ငံအတွင်း တင်သွင်းကုန်တွေအတွက် ဒုတိယအကြီးဆုံး အရင်းအမြစ် နိုင်ငံပါ။ စည်သွပ်ဘူးတွေနဲ့ ကားတွေအပြင် အီရတ်အစိုးရဟာ အီရန်နိုင်ငံဆီကနေ နေ့စဉ် လျှပ်စစ် ၁၃၀၀ မဂ္ဂါဝပ်နဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂၈ သန်း ဝယ်နေရပါတယ်။ အီရန်စွမ်းအင်ဝန်ကြီးကတော့ အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေဟာ လုံးဝ တရားမဝင်ဘူးလို့ အရင်အပတ်က ဘဂ္ဂဒက်မြို့တော် ခရီးစဉ်အတွင်း ပြောခဲ့ပါတယ်။
2 years Ago
Up