နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ ထိန်းညှိစောင့်ကြည့်ရေးကိုပါ လုပ်ရမှာဖြစ်တယ် - ဦးဘိုဘိုဦး

A d v e r t i s e m e n t With Us

March 25, 2016

နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ ထိန်းညှိစောင့်ကြည့်ရေးကိုပါ လုပ်ရမှာဖြစ်တယ် - ဦးဘိုဘိုဦး

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။  ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနဲ့ ဘာတွေလုပ်ဆောင်သွားမလဲဆိုတာ ကော်မတီရဲ့ အတွင်းရေးမှူး ဦးဘိုဘိုဦးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ အခုလက်ရှိ ဦးဘိုဘိုဦး အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပုံ အကြမ်းဖျင်းလေးကို ရှင်းပြပါဦး။ “ကျနော်တို့ နိုင်ငံတကာဆက်ဆံရေး ကော်မတီမှာ ပြည်သူ့လွှတ်တော်အနေနဲ့ ၁၅ ဦး ရှိပါတယ်။ ၁၅ ဦးဆိုတဲ့အထဲမှာလည်း ပါဝင်တဲ့ဥစ္စာက ပါတီစုံကနေ ပါဝင်တာရှိပါတယ်။ ပြီးတော့ အစုအဖွဲ့က ကိုယ်စားလှယ်တွေကော၊ အခြားပါတီတွေကကော တော်တော်များများ စုံစုံလင်လင်ပါပါတယ်။ နောက် ဖွဲ့စည်းပုံအရကတော့ ကျနော်တို့ လွန်ခဲ့တဲ့ လွှတ်တော်ကတည်းက ဖွဲ့စည်းထားတဲ့ ကော်မတီ ဖြစ်ပါတယ်။ အခု လွှတ်တော်အသစ်မှာလည်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ ထပ်ပြီးတော့ ဖွဲ့စည်းထားတာပါ။ ပထမအကြိမ် ဖွဲ့စည်းတုန်းက အဖွဲ့ဝင်အဖြစ်ပါခဲ့တဲ့ ဒေါ်စုစုလွင်က ကျနော်တို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာဆိုရင် သူက ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူမှာပါ။ ဒီကော်မတီအနေနဲ့ပေါ့။” ကော်မတီရဲ့ တာဝန်တွေထဲမှာပါတဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပါဦး။ “နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ညီညွတ်ဖို့အတွက် ဆိုတာက ဒါ ကျနော်တို့ ကော်မတီကို လုပ်ပိုင်ခွင့်ဆိုပြီးတော့ ပေးထားတဲ့အထဲက အချက်တချက် ဖြစ်ပါတယ်။ ကျနော်တို့ ကော်မတီအနေနဲ့ ကိုယ်စားလှယ်တွေအားလုံး လုပ်ရမယ့်တာဝန် တခုပေါ့။ အဓိကကတော့ ကျနော်တို့ ဥပဒေပြုရေးဆိုတာရှိမယ်၊ ကိုယ်စားပြုရေးဆိုတာရှိမယ်၊ ထိန်းညှိစောင့်ကြည့်ရေး ဆိုတာရှိမယ်။ နောက် ဒီသုံးခုထဲကနေပြီးတော့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ ထိန်းညှိစောင့်ကြည့်ရေးကိုပါ လုပ်ရမှာဖြစ်တယ်။ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကို ကျနော်တို့ ကော်မတီ အနေနဲ့ တတ်နိုင်သမျှ ပံ့ပိုးပေးရမယ်။ ဥပဒေကြောင်းအရပဲ ဖြစ်ဖြစ်ပေါ့၊ ပံ့ပိုးပေးရမယ်ဆိုတာကို ကျနော်တို့ကော်မတီအနေနဲ့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။” ကိုဘိုတို့ ကော်မတီအနေနဲ့လေ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒဆိုတာက ကော်မတီရဲ့ အဓိက စီစဉ်ဆောင်ရွက်ရမယ့် အရာတခုအနေနဲ့ ရှိတာပေါ့။ အဲ့ဒီ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ အကြောင်း အကြမ်းဖျင်းလေး ကျနော့်ကို ရှင်းပြပေးပါလား။ “လွတ်လပ်ပြီး တက်ကြွတဲ့၊ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒဆိုတာက ကျနော်တို့ လွတ်လပ်ရေး ရပြီးတည်းက ဘက်မလိုက်တဲ့၊ နိုင်ငံခြားရေးမူဝါဒ၊ ကြားနေရေးမူဝါဒကို ကျင့်သုံးလာတာပေါ့ဗျာ။ နောက် ဒီဘက်ခေတ်မှာလည်း ဒီဥစ္စာတွေက ရှိသေးတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမူဝါဒနဲ့လည်း ထင်ဟပ်တယ်ပေါ့ဗျာ။ အဲ့ဒါကို ကျနော်တို့က ဆက်လက်ပြီးတော့ နိုင်ငံတကာဆက်ဆံရေး ဖွံ့ဖြိုးဖို့အတွက် မတိမ်းမချော်အောင် ကျနော်တို့ စောင့်ကြည့်ထိန်းညှိဖို့အတွက် လိုအပ်ရင် လိုအပ်သလို ဥပဒေတွေနဲ့ ထပ်တူပြုနိုင်ဖို့အတွက်၊ ကာကွယ်ပေးနိုင်ဖို့အတွက် ကျနော်တို့က ပြုလုပ်သွားမှာ ဖြစ်ပါတယ်။” ကျနော်တို့နိုင်ငံက ဒီ အင်အားကြီးနိုင်ငံ နှစ်ခုကြားမှာ နေရတဲ့အခါကျတော့ ဒီ မူဝါဒဘောင်ကနေပြီးတော့ မလွဲမချော်သွားအောင် ရပ်တည်နိုင်ဖို့အတွက် ဘယ်လောက်အရေးကြီးမလဲ ခင်ဗျ။ “အရေးကြီးပါတယ်၊ ကျနော်တို့ ဒီ ပထ၀ီနိုင်ငံရေး အနေအထားအရပေါ့နော်၊ ကျနော်တို့ ၁၉၅၀ ပြည့်နှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ဒီ ဖဆပလ အစိုးရပေါ့၊ ၀န်ကြီးချုပ် ဦးနုတို့ လက်ထက်တည်းကပေါ့နော်၊ ဘက်မလိုက်ရေးဆိုတာကို စပြီးတော့ ကျင့်သုံးခဲ့တယ်။ အဲ့ဒီအချိန်တည်းက ဒီ အိန္ဒိယခေါင်းဆောင်တွေ၊ တရုတ်ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို အပြန်အလှန် လည်ပတ်လေ့ ရှိခဲ့ကြတယ်။ နှစ်နိုင်ငံဆက်ဆံရေး အသီးသီး ကောင်းမွန်ခဲ့ကြတယ်။ အဲ့ဒီဥစ္စာဟာ အခုချိန်အထိလည်း မပျက်မယွင်းပဲ ရှိနေပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီ့ထက်ပိုပြီး တိုးတက် ကောင်းမွန်ဖို့ကိုပဲ ကျနော် မျှော်လင့်ထားပါတယ်။ အဲ့လို ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။” ဒီ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်မှာကျတော့ နိုင်ငံရေးမူဝါဒကို ကိုင်ဆွဲပြီးတော့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ လက်တွေ့လုပ်ငန်းတွေ ရှိတယ်။ ပြည်သူ့လွှတ်တော်ရဲ့ ဒီဘက်က ဥပဒေပြုရေးဘက်မှာကျတော့ နိုင်ငံတကာဆက်ဆံရေးကို ဘယ်လိုဥပဒေတွေက၊ ဒါမှမဟုတ် မူဝါဒတွေ ချပေးမှာလား၊ ဘယ်လိုဆောင်ရွက်ဖို့ရှိလဲ၊ ဘယ်လိုကွာဟလဲ ဆိုတာလေးကို နည်းနည်း ရှင်းပြပေးပါ။ “မူဝါဒ ချမှတ်ပေးတယ် ဆိုတာကလည်း ရှိပြီးသား မူဝါဒတွေကို သူတို့တွေ လိုက်နာမှုရှိလား၊ မရှိလား၊ ဘယ်အစိုးရတက်တက် လွှတ်တော်ဘက်ကနေပြီးတော့ စောင့်ကြည့် ထိန်းညှိပေးရမယ့် တာဝန်ရှိတယ်။ တာဝန်ရှိတဲ့ အခါကျတော့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ သွားနေတဲ့ ဥစ္စာတွေက အခြေခံဥပဒေနဲ့ ညီရဲ့လား၊ နောက် သွားနေတဲ့အချိန်မှာ ချွတ်ချော်မှုရှိလား၊ တိမ်းစောင်းမှုရှိလား၊ ပြီးတော့ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ တိမ်းချော်မှုတွေ ဘာတွေများ ဖြစ်နိုင်မလဲ၊ ဖြစ်နေရင်လည်း ကျနော်တို့ကနေပြီးတော့ ဒီဥစ္စာကို ကြားနာမယ်၊ စစ်ဆေးမေးမြန်းတာလုပ်မယ်၊ ဆွေးနွေးတာလုပ်မယ်။ ဒါကို ကျနော်တို့မှာ လုပ်ပိုင်ခွင့်ဆိုပြီး ပေးထားတာ ရှိပါတယ်။ အဲ့လိုနဲ့ အပြန်အလှန် ထိန်းကျောင်းသွားကြရမှာ ဖြစ်ပါတယ်။” ကိုဘိုဘိုတို့ ကော်မတီရဲ့ ဒီ လုပ်ပိုင်ခွင့်တွေထဲမှာ ရှေ့ကသုံးချက်ကတော့ နိုင်ငံခြားရေး ကိစ္စတွေနဲ့ ဆိုင်တယ်ပေါ့နော်။ နောက်ပိုင်းက အချက်တွေက သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ ၀န်ကြီးဌာနတွေရဲ့ ဆောင်ရွက်ချက်တွေက ဥပဒေနဲ့ ဘယ်လောက်ညီလဲ ဆိုတာကို စောင့်ကြည့် ထိန်းညှိဖို့ တာဝန်လည်း ပေးထားတာ တွေ့ရပါတယ်။ အဲ့ဒီတာဝန်တွေကို ဘယ်လိုထမ်းရွက်ဖို့ အစီအစဉ် ရှိပါသလဲ ခင်ဗျ။ “အဓိကက ကျနော်တို့နိုင်ငံသားတွေ ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်နေတာတွေ ရှိတယ်။ စင်ကာပူနိုင်ငံမှာဆို သိန်းနဲ့ချီပြီးတော့ ရှိတယ်။ ထိုင်းနိုင်ငံမှာဆိုလည်း သိန်းနဲ့ချီပြီး ရှိတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ သွားလုပ်နေတယ်။ တချို့ အရှေ့အလယ်ပိုင်းနိုင်ငံဆိုရင် ကျနော်တို့နဲ့ သံတမန် ဆက်သွယ်ရေးတောင် မရှိသေးဘူး။ အလားတူ ကိုရီးယားသမ္မတနိုင်ငံမှာ သွားလုပ်တဲ့သူတွေ ရှိတယ်။ ဂျပန်မှာလုပ်နေတဲ့သူတွေ ရှိတယ်။ အဲ့လိုလူတွေအတွက်ကို ကျနော်တို့တွေက နိုင်ငံခြားရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ သံရုံးတွေက ဘယ်လောက်ထိ ပံ့ပိုးပေးနေနိုင်လဲ။ နောက် အဲ့ဒီမှာ သွားလုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအတွက် ဘယ်လောက်ထိ သူတို့ ကူညီပေးနိုင်လဲ။ အဲ့ဒါတွေကို ကျနော်တို့ သိချင်တယ်၊ ထိန်းကျောင်းပေးစေချင်တယ်။ ဖြစ်နိုင်ရင် ကျနော်တို့ ဥပဒေနဲ့ ပြဋ္ဌာန်းပြီးတော့ကို ကာကွယ်ပေးချင်တယ်။ ဘာလို့ဆိုတော့ ဒီနိုင်ငံသားတွေ ပြည်ပမှာထွက်ပြီး အလုပ်လုပ်နေတယ်ဆိုတာက တိုင်းပြည်ရဲ့ ၀င်ငွေကို တဘက်တလမ်းကနေ ရှာပေးနေတဲ့သူတွေပေါ့နော်။ ကျနော် ငယ်ငယ်ကဖတ်ဖူးတယ်၊ စင်ကာပူနိုင်ငံမှာဆိုရင် ထိုင်းနိုင်ငံကနေပြီးတော့ ထိုင်းဆေးရုံ သွားဆောက်ပေးထားတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားတွေ အတွက်ပေါ့၊ အဲ့လောက်ထိကို ဂရုစိုက်တာ။ နောက် ပတ်စ်ပို့ (passport) သက်တမ်းတိုးတာကအစ၊ အခြား health care ကိစ္စတွေ၊ ဒါတွေကအစ တတ်နိုင်ရင် အဝေးရောက်နေသည့်တိုင်အောင် လိုက်ပြီးတော့ ဘယ်လောက်ထိ ကူညီနိုင်လဲဆိုတာကို အစိုးရကလည်း စဉ်းစားပေးနေတယ်။ ကျနော်တို့လည်း အဲ့လိုဖြစ်ချင်တယ်။ ကျနော်တို့ နိုင်ငံသားတွေက အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှာ အလုပ်သွားလုပ်နေရပေမယ့် သူတို့ရဲ့စိတ်က ကျနော်တို့နိုင်ငံမှာ ရှိနေတယ်ဆိုတာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက သက်သေပြခဲ့ပြီးပြီ။ အထူးသဖြင့်တော့ စင်ကာပူနိုင်ငံကနေပြီးတော့ မဲပေးပြီးတော့ သူတို့နိုင်ငံသားတာဝန်တွေ ဘယ်လောက် ကျေပွန်လဲဆိုတာကို ကမ္ဘာကို ပြထားခဲ့တာပါ။ ကမ္ဘာကကို အံ့သြယူရပါတယ်။ ဒီလိုအခြေအနေမျိုးတွေပေါ့နော်။ ဒီလို အလုပ်သမားတွေ အတွက်ကို ကျနော်တို့တွေက ကာကွယ်ပေးရမယ်။ လိုအပ်ရင် လိုအပ်သလို ကျနော်တို့ ဥပဒေတွေ ပြဋ္ဌာန်းပြီးတော့ ကာကွယ်ပေးရမယ်။ ဒီအပိုင်းမှာတော့ ကျနော်တို့ လုပ်ထုံးလုပ်နည်းနဲ့ ဆိုရင်တော့ ပြည်တွင်းပြည်ပ၊ အလုပ်သမားရေးရာကော်မတီ ဆိုတာက ကျနော်တို့ အမျိုးသားလွှတ်တော်မှာလည်း ရှိတယ်။ သူတို့တွေနဲ့ ချိတ်ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရမယ့် အပိုင်းလေးတွေ ရှိတယ်ပေါ့နော်။ နောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနပိုင်းကလည်း ဘာတွေလုပ်နေလဲ၊ ဘယ်လောက်ထိ ကူညီပေးနိုင်လဲ၊ နောက် ကျန်းမာရေးကိစ္စဆိုရင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ပါ ဆိုင်လာတဲ့ သဘောပေါ့။ အဲ့ဒါတွေကို ဖြည်းဖြည်းချင်း လုပ်သွားမှာပေါ့။ နေ့ချင်းညချင်းတော့ ဆောင်ရွက်ဖို့က မဖြစ်နိုင်သေးဘူး။ တတ်နိုင်ရင် ကျနော်တို့က အကောင်းဆုံးဖြစ်အောင် လုပ်ချင်တယ်။ ပြီးတော့ ဒီ နိုင်ငံတကာဆက်ဆံရေး ကော်မတီဆိုတာကလည်း နိုင်ငံတကာမှာရှိတဲ့ ညီလာခံတွေကိုပဲ တက်နေပြီးတော့ အလုပ်ပြီးသွားတာမျိုး မဖြစ်စေချင်ဘူး။ ကျနော်တို့ ကိုယ်စားလှယ်တွေကို ပေးအပ်ထားတဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် ဒါတွေကို ကျနော်တို့ အပြည့်အ၀ အသုံးချပြီးတော့ အကျိုးရှိစေချင်ပါတယ်။” ဒီ သက်ဆိုင်ရာ ကဏ္ဍအလိုက်ပေါ့နော် ၀န်ကြီးဌာနတွေကနေပြီးတော့ နိုင်ငံတကာနဲ့ ချုပ်ဆိုမယ့် စာချုပ်စာတမ်းတွေနဲ့ ပတ်သက်ပြီးတော့ ကိုဘိုဘိုတို့ ကော်မတီမှာ ဘယ်လိုတာဝန်များ ရှိမလဲခင်ဗျ။ "သက်ဆိုင်ပါတယ်။ နိုင်ငံတကာနဲ့ စာချုပ်တယ် ဆိုတာကလည်း တချို့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတုန်းက တချို့ဟာတွေဆို ခုထိ မပြတ်သေးတာတွေ ရှိတယ်။ အဲ့ဒါတွေကို ကျနော်တို့က ဆက်ပြီးတော့ သယ်ဆောင်ရမှာ ဖြစ်ပါတယ်။ နောက် နိုင်ငံတကာနဲ့ စာချုပ်တဲ့ စာချုပ်ဆိုရင်လည်း ဥပမာအားဖြင့် နယ်နိမိတ် သတ်မှတ်ရေးနဲ့ ပတ်သက်တာ၊ လေထုနယ်နိမိတ်နဲ့ ပတ်သက်တာ၊ ရေပြင်နယ်နိမိတ်နဲ့ ပတ်သက်တာ စသဖြင့်ပေါ့နော်။ ဒါတွေက နိုင်ငံတကာနဲ့ ဖြစ်ရမယ့် ကိစ္စတွေပါ။ ဒါတွေက ကျနော်တို့ တော်တော်လေးကို အချိန်လည်း ယူရပါမယ်။ တော်တော်လေးကို ကျနော်တို့ ဂရုတစိုက်နဲ့ လုပ်ရမှာလည်း ဖြစ်ပါတယ်။” အခုလက်ရှိ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်နေတဲ့ နယ်ပယ်၊ ကဏ္ဍ အသီးသီးက လက်ရှိ တည်ဆဲဥပဒေတွေမှာ ကျနော်တို့ ပြုပြင်စရာ၊ အသစ်ထပ်ပြီးတော့ ရေးဆွဲစရာတွေများ ကိုဘိုဘိုတို့ တွေ့ထားတာများ ရှိလားခင်ဗျ။ “အဓိက ကတော့ ကျနော်တို့အတွက် စိန်ခေါ်မှုပေါ့နော၊ အခုဖြစ်နေတာကတော့ ပြည်ပမှာသွားပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးပါပဲ။ သူတို့တွေအတွက်ကို ကျနော်တို့ ဘယ်လို ကာကွယ်ပေးနိုင်မလဲ။ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ အစိုးရတရပ်အနေနဲ့ ဘယ်လို လုပ်ပေးနိုင်မလဲ ဆိုတာကို ကျနော်တို့ စောင့်ကြည့်နေပါတယ်။ နောက် ကျနော်တို့ ကော်မတီအနေနဲ့က နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ ကြိုးစားပေးချင်ပါတယ်။” အခု ကျနော်မေးတဲ့အထဲမှာ မပါဘဲနဲ့ ဖြည့်စွက်ပြီးတော့ ပြောချင်တာလေးရှိရင် ကော်မတီနဲ့ ပတ်သက်ပြီးတော့ နည်းနည်း ပြောပြပေးပါအုံး ခင်ဗျ။ “အပြည်ပြည်ဆိုင်ရာပေါ့နော်၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ပေါ့နော်၊ IPU ပေါ့၊ Inter-Parliamentary Union၊ ကျနော်တို့ joint ကော်မတီတခု ရှိပါတယ်။ အမျိုးသားလွှတ်တော်နဲ့ အတူတူ ဒီ ပြည်သူ့လွှတ်တော်နဲ့ နိုင်ငံတကာဆက်ဆံရေး ကော်မတီ နှစ်ခုပေါင်းပြီးတော့ ဖွဲ့ထားတာပါ။ အဲ့ဒီမှာလည်း ကျနော် အတွင်းရေးမှူးတာဝန် ယူထားရတာပါ။ ဆိုတော့ အဲ့ဒီ နိုင်ငံတကာ ပါလီမန်တွေနဲ့ ဆက်သွယ်တဲ့နေရာမှာ၊ ဆက်ဆံတဲ့နေရာမှာ ဒီ့ထက်ပိုပြီး ကောင်းမွန်အောင်၊ နောက်ပြီး ထိထိရောက်ရောက်၊ ဘယ်လောက်ထိ အကျိုးရှိနိုင်မလဲပေါ့နော်။ ထိထိရောက်ရောက် အကျိုးရှိနိုင်မယ်ဆိုတာမှာ ကျနော်တို့နိုင်ငံက ပါလီမန်သက်တမ်းက နည်းနည်းနုတာဗျ။ လွတ်လပ်ရေး ရပြီးကာစ ၁၉၆၂-၆၃ ကစပြီးတော့ ဒီ လွှတ်တော်ရဲ့ အတွေ့အကြုံက ပျောက်ကွယ်သွားတယ်လေ။ ပျောက်ကွယ်သွားပြီးတော့ ၂၀၁၀ မှာ ပြန်ပေါ်လာတယ်။ ၂၀၁၅ မှာ အခုပေါ်လာတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာဆိုရင်၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာဆိုရင် ကျနော်တို့ လူသစ်က ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီ ပါလီမန် အတွေ့အကြုံအားဖြင့်ဆိုရင် အင်မတန် နုနယ်သေးတယ်ဗျ။ ဒါကြောင့် ကျနော်တို့က အပြည်ပြည်ဆိုင်ရာ ပါလီမန်တွေမှာ ဥပဒေပြုရေးနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့် ထိန်းညှိရေးနဲ့ပတ်သက်ပြီး၊ ကိုယ်စားပြုမူနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ကျနော်တို့တွေက sharing လုပ်ပြီးတော့ ကျနော်တို့ ပညာယူရတာပေါ့ဗျာ။ ဒါ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ပြည်ထောင်စုလွှတ်တော်မှာလည်း ဒီကိစ္စလုပ်ပေးသွားပါတယ်။ အလားတူပဲ ကျနော်တို့ နိုင်ငံ တနိုင်ငံချင်းသော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း၊ အဲဒီလို နိုင်ငံတကာ ပါလီမန်တွေနဲ့ ချိတ်ဆက်ထားပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အတွေ့အကြုံ၊ ရင့်သန်လာဖို့၊ capacity မြင့်လာနိုင်ဖို့ အတွက်ကို ကျနော်တို့တွေက ကြိုးစားချင်ပါတယ်။ အဲ့ဒါအတွက်ကတေ့ ဒီ နိုင်ငံတကာ ပါလီမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ယူမယ့်အပိုင်းပေါ့။ တချိန်တည်းမှာပဲ နိုင်ငံတကာ ပါလီမန်တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုတဲ့ ဥစ္စာက မဖြစ်မနေ ကျနော်တို့ ဦးထိပ်ပန်ရမယ့် ကိစ္စတရပ်ပေါ့။ ဒီအချက်ကလည်း ကျနော်တို့ Democratization နဲ့ ပတ်သက်ပြီးတော့ အရေးပါလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံတကာဆက်ဆံရေးကော်မတီအနေနဲ့ ဒီ နိုင်ငံတကာမှာရှိတဲ့ ပါလီမန်တွေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်တဲ့နေရာမှာလည်း တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေပါတယ်။”
5 years Ago
Up