နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး

July 5, 2015

တိုင်းရင်းသား အဆင့်မြင့်အဖွဲ့နှင့်ဆွေးနွေးပွဲ အောင်မြင်ဟု ဦးအောင်မင်းပြော

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ အကြိုညှိနှိုင်းဆွေးနွေးပွဲ အောင်မြင်ပြီး ရန်ကုန်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရအဖွဲ့နဲ့ နော်စီဖိုးရာစိန်ခေါင်းဆောင်တဲ့ တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဇူလိုင် ၃ နဲ့ ၄ နှစ်ရက်တာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဆွေးနွေးခဲ့ကြပြီး ဆက်လက်ဆွေးနွေးကြဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးဦးအောင်မင်းက ချင်းမိုင်ဆွေးနွေးပွဲ အောင်မြင်တယ်လို့ ဇူလိုင် ၄ရက် ဆွေးနွေးပွဲအပြီး မီဒီယာကို ပြောပါတယ်။ “ဒီနေ့စည်းဝေးပွဲအောင်မြင်တယ်၊ ကျနော်တို့က အန်စီအေ လက်မှတ်ရေးထိုးဖို့အတွက် တံခါးတချပ် ဖွင့်လိုက်နိုင်တယ်။ အန်စီအေထိုးဖို့ ကျနော်တို့က ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ကြားထဲမှာတော့ ဆက်ပြီး ဆွေးနွေးဖို့ ရှိတယ်။ အက်စ်ဒီ(senior delegation-တိုင်ရင်းသားအဆင့်မြင့်အဖွဲ့) ကို ရန်ကုန်ကိုဖိတ်မယ်၊ ဖိတ်ပြီးတော့  ရန်ကုန်မှာ ဆွေးနွေးမယ်၊ အဆင့်တဆင့် တက်သွားပြီလို့ ပြောလို့ရပါတယ်။” ဇူလိုင်တတိယပတ်အတွင်း နှစ်ဘက် ရန်ကုန်မှာ ဆက်လက်ဆွေးနွေးကြမယ်လို့လည်း ပြောပါတယ်။ အစိုးရဘက်က လော်ခီးလာညီလာခံက ဖွဲ့ပေးခဲ့တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လက်မခံလိုတဲ့သဘော ပြောထားပေမယ့် ဇူလိုင် ၃ရက်မှာတော့ နှစ်ဘက် အကြိုညှိနှိုင်းပွဲ စတင်နိုင်ခဲ့ပါတယ်။ ဇူလိုင် ၃ ရက် ဆွေးနွေးပွဲမှာ အစိုးရက နှစ်ဘက်သဘောတူလက်မှတ်ထိုးထားတဲ့ အပစ်ရပ်စာချုပ်မူကြမ်းကို မပြင်ချင်ဘူးလို့ ထုတ်ပြောခဲ့ပြီး တိုင်းရင်းသားတို့ဘက်ကတော့ ဆက်ပြီးညှိမယ်လို့ ပြောခဲ့ပါတယ်။ တိုင်းရင်းသားအဆင့်မြင့်အဖွဲ့ ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက လော်ခီးလာညီလာခံဆုံဖြတ်ချက်ကို အပိုင်းလေးပိုင်းခွဲပြီး ဆက်ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။ “လော်ခီးလာညီလာခံက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကိုကြည့်ရင် အပိုင်းလေးပိုင်းခွဲလို့ရတယ်။ တပိုင်းက ခြေဆင်းတွေ နိဒါန်းတွေကို စာချောသွားအောင် လုပ်တဲ့အပိုင်း၊ နောက်တပိုင်းက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး လုပ်ဖို့လိုအပ်တဲ့ကိစ္စတွေ၊ နောက်တပိုင်းက အစိုးရအစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်လို့ရတဲ့ကိစ္စတွေ၊ နောက်တပိုင်းကတော့ ဆွေးနွေးပြီးမှ စာချုပ်မူကြမ်းထဲ ထည့်ရမယ့်ကိစ္စဆိုပြီး လေးပိုင်း ပိုင်းပါတယ်။ ဒီထဲမှာ ဆွေးနွေးပြီးတော့ မူကြမ်းထဲ ထည့်ရဖို့က မရှိသလောက်ဖြစ်ပါတယ်။ တခု နှစ်ခုလောက်က လွဲရင်ပေါ့လေ။ အားလုံးက နောက်တကြိမ်ကြိုတင်ညှိနှိုင်းစည်းဝေးးပြီးတော့ ညှိနှိုင်းလို့ရမယ့် အနေအထားမျိုး ရှိတယ်လို့ ပြောချင်ပါတယ်။” အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား အပစ်ရပ်စာချုပ်မူကြမ်းတခုကို မတ် ၃၁ ရက်က နှစ်ဘက်သဘောတူလက်မှတ်ထိုးခဲ့ကြပြီး တနိုင်ငံလုံးအပစ်ရပ်စာချုပ်တခု ထွက်ပေါ်လာဖို့ ဆက်လက်ညှိနှိုင်းဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတို့ဘက်က တောင်းဆိုထားတဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင်တပ်မတော်တို့ပါ စာချုပ်လက်မျတ်ထိုးရာမှာ ပါဝင်ဖို့၊ စာချုပ်မှာ အသိသက်သေအဖြစ် လက်မှတ်ထိုးကြမယ့် နိုင်ငံတွေ ပါဝင်နိုင်ဖို့နဲ့ စာချုပ်မှာ လက်မှတ်ထိုးကြမယ့် ခေါင်းဆောင်တွေ စတဲ့ကိစ္စရပ်တွေ ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ ကျန်ရှိနေပါသေးတယ်။ ဓာတ်ပုံ - Hla Maung Shwe  
7 years Ago

May 9, 2015

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး

နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေရရှိဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို ဘယ်ကစပြီး အကောင်အထည်ဖော်မလဲဆိုတာ တိုင်ပင်ဆွေးနွေးကြတာပါ။ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးဝင်းထွန်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင် ၂၉ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး အယောက် ၂၀၊ တရားဝင်မှတ်ပုံတင်ထားတဲ့  နိုင်ငံရေးပါတီ ၇၃ ပါတီအနက် ၆၄ ပါတီက ခေါင်းဆောင်တွေနဲ့ လေ့လာသူ ၃၀ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံရေး မူဘောင်ရရှိရေးညှိနှိုင်းမှုဆိုင်ရာ ​​ဆွေး​နွေးပွဲ​တွေ ပြုလုပ်တာဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်ချောမွေ့စွာ ဖြစ်ပေါ်ရေးအတွက် အထောက်အကူပြုတယ်လို့လည်း သဘာပတီတဦး ဖြစ်တဲ့ ကေအန်ယူဥက္ကဋ္ဌ ​စောမူတူး​စေးဖိုးက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ “Deed of Commitment ရဲ့ ကနဦး ပူးပေါင်းအကောင် အထည်ဖော်မှုအနေနဲ့ ယခု ဆွေးနွေးပွဲမှ နိုင်ငံရေးဆွေးနွေးပွဲများပေါ်ပေါက်ရန်လိုအပ်တဲ့ မူဘောင်ရရှိရေးဆိုင်ရာ သဘော ထားကိုလည်း ညှိနှိုင်းသွားနိုင်ရင် သင့်တော်မယ်လို့ ပြောကြားလိုပါတယ်။ နိုင်ငံရေး မူဘောင် ရရှိရေး ညှိနှိုင်းမှုဆိုင်ရာ အခုလိုအစည်းအဝေးမျိုးဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်ချောမွေ့စွာ ဖြစ်ပေါ်ရေးအတွက် အထောက်အကူ ပြုရန်ဖြစ်ပြီး၊ လွှမ်းမိုးသွားရန်အတွက်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်။” တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အမြန်ချုပ်ဆိုနိုင်ဖို့ တဖက်ကကြိုးစား​နေကြသလို တဖက်က နိုင်ငံ​ရေး​ဆွေး​နွေးပွဲမူ​ဘောင်​ကို ဝိုင်းဝန်း​ဆွေး​နွေးဖို့ လိုအပ်တယ်လို့လည်း တက်ရောက်သူတွေထဲက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။ “အခု framework (မူဘောင်) က မပြီးနိုင်​သေးပါဘူး။ ၅၆ ပါတီက​တော့​ရေးဆွဲပြီးသားပါ။ အဲ့​တော့ ကျန်တဲ့ပါတီ​တွေ၊ ကျန်တဲ့တိုင်းရင်းသား​ခေါင်း​ဆောင်​တွေကလည်း ရှိမယ်လို့ထင်တယ်။ အဲ့​တော့ ကျ​နော်တို့က framework ကို​တော့ မြန်မြန်ဆန်ဆန်နဲ့ပြီး​အောင်လုပ်ပြီး​တော့ Political Dialogue သွားနိုင်​အောင်လုပ်ဖို့​တော့ သင့်တယ်လို့ယူဆပါတယ်။ အဲဒါက framework ဖြစ်နိုင်​အောင် အလုပ်အဖွဲ့သ​ဘောမျိုးနဲ့ ဒီအစည်းအ​ဝေးက​နေပြီး​တော့ အလုပ်အဖွဲ့ဖွဲ့စည်းပြီး​တော့ လုပ်သွားမှသာလျှင် လိုချင်တဲ့ပုံစံဖြစ်မယ်။” ဒီ​ဆွေး​နွေးပွဲဟာ အစိုးရအနေနဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က သမ္မတဦးသိန်းစိန် ကိုယ်တိုင်ဦးဆောင် လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကတိပြုလက်မှတ် ရေးထိုးထားတဲ့အထဲက ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရေးဆိုတဲ့အချက်ကို အ​ကောင်အထည်​ဖော်တာလည်း ဖြစ်ပါတယ်။ [gallery ids="92232,92233,92234,92235,92236,92237,92238,92239,92240,92241,92242,92243,92244,92245,92246"]
7 years Ago
Up