နိုင်ငံတော်သမ္မတ

July 19, 2019

နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရဝပြု

၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ ဇူလိုင် ၁၉ရက် မနက်က ရန်ကုန်မြို့  ရွှေတိဂုံဘုရား ခြေတော်ရင်းရှိ အာဇာနည်ဗိမာန်မှာ ကျင်းပရာမှာ  နိုင်ငံတော် သမ္မတဦးဝင်းမြင့် ပထမဆုံးအကြိမ် တက်ရောက် လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ပါတယ်။ ဒါဟာ အရပ်သားအစိုးရလက်ထက်မှာကျင်းပတဲ့ နိုင်ငံတော်အဆင့် အာဇာနည်နေ့ အခမ်းအနားကို သမ္မတကိုယ်တိုင် ပထဆုံးအကြိမ် တက်ရောက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ အာဇာနည်နေ့အခမ်းအနားကို ဒုသမ္မတတွေသာ အစိုးရအဖွဲ့ရဲ့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်အဖြစ် တက်ရောက် ဂါရဝပြုခဲ့ပါတယ်။ ဒါ့ပြင် ဒုသမ္မတ ဦးမြင့်ဆွေ၊  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လည်း တက်ရောက်ပြီး အာဇာနည် ခေါင်းဆောင်ကြီးတွေကို တမိနစ် ငြိမ်သက် ဂါရဝပြုခဲ့ပါတယ်။ အာဇာနည်နေ့အခမ်းအနားကို အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့  မိသားစုဝင်တွေလည်း တက်ရောက် လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်၊ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ နယ်ချဲ့လက်ပါးစေ သေနတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့်  ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရပါတယ်။ အာဇာနည် ၉ ဦး လုပ်ကြံခံရတဲ့ ဇူလိုင်လ ၁၉ ရက် ၁၀ နာရီ ၃၇ မိနစ်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့  မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူတွေက မြို့တွေ၊ နယ်တွေအသီးသီးမှာ ၁ မိနစ် ဥသြဆွဲ ငြိမ်သက် ဂါရဝပြုခဲ့ကြပါတယ်။ အခုလို  အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဥသြဆွဲ အလေးပြုတာကို အရင် စစ်အစိုးရ လက်ထက်တုန်းက  ပြုလုပ်ခွင့်မရခဲ့ဘဲ အရပ်သားအစိုးရ လက်ထက်နောက်ပိုင်းမှသာ အခုလို ပြန်လည်ပြုလုပ်ခွင့်ရရှိလာတာပါ။ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ အခမ်းအနားတွေ မြန်မာနိုင်ငံ တဝန်းလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း ပုံသဏ္ဌာန်မျိုးစုံနဲ့ ကျင်းပကြပါတယ်။
2 years Ago

May 10, 2019

သမ္မတဦးဝင်းမြင့် ဗီယက်နမ်နိုင်ငံသို့ အလုပ်သဘော ခရီးထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ တရားဝင် အလုပ်သဘော ခရီးအဖြစ် ဗီယက်နမ်နိုင်ငံကို  နေပြည်တော်ကနေ ဒီနေ့ ထွက်ခွာသွားပါတယ်။ သမ္မတရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံ ဟနမ်ပြည်နယ်မှာ ကျင်းပမယ့် ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားကို တက်ရောက်မယ်လို့ သမ္မတရုံးသတင်းမှာ ဖော်ပြထားပါတယ်။ သမ္မတဦးဝင်းမြင့်ဟာ ဗီယက်နမ်သမ္မတ ငုယင်ဖူးကျောင့်နဲ့ ဇနီးတို့ရဲ့ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။ သမ္မတနဲ့ ဇနီးဖြစ်သူ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားကြပါတယ်။
2 years Ago
More News
Up