နိုင်ငံမဲ့ ဘောလုံးသမား

July 16, 2018

နိုင်ငံမဲ့ ဘောလုံးသမားလူငယ် ၄ ဦးအား အထူးအခွင့်အရေး ပေးခြင်းမဟုတ်ဟု ထိုင်းပြော

ထိုင်းမြောက်ပိုင်း မယ်ဆိုင်မြို့ ဒွိုင်နန်းနွန်းလှိုဏ်ဂူထဲ ပိတ်မိခဲ့တဲ့ တောဝက်အကယ်ဒမီဘောလုံးအသင်းဝင် လူငယ် ၁၃ ဦးထဲက လူငယ် ၄ ဦးဟာ နိုင်ငံမဲ့ (မှတ်ပုံတင်အထောက်အထားမဲ့) သူတွေဖြစ်ကြောင်း တွေ့ရှိရတဲ့အတွက် သူတို့တွေကို ထိုင်းနိုင်ငံသားပြုလုပ်ပေးဖို့  သက်ဆိုင်ရာက စီစဉ်နေပါတယ်။ ဒါပေမယ့် တဘက်ကလည်း အဲဒီလူငယ်တွေဟာ  အထူးအခွင့်အရေးပေးခံနေရတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် အဲဒီလူငယ်တွေကို ထိုင်းနိုင်ငံသား မှတ်ပုံတင်ပေးတာဟာ အထူးအခွင့်အရေး မဟုတ်ဘဲ ဥပဒေဘောင်ထဲကနေ သူတို့ ရသင့်ရထိုက်တဲ့အခွင့်အရေးအတိုင်း ဆောင်ရွက်ပေးနေတာလို့ ထိုင်းတရားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းအားထစ် ဘွန်းယဆို ဖတ်က ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ပြောပါတယ်။ သူတို့ဦးစီးဌာနဟာ တောင်ပေါ်တိုင်းရင်းသားကလေးတွေ ထိုင်းမှတ်ပုံတင်ရရေး တာဝန်ယူဆောင်ရွက်ပေးနေရတဲ့ ဌာနဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၇ ၇က်က ပြဋ္ဌာန်းလိုက်တဲ့ အက်ဥပဒေကို စွဲကိုင်ဆောင်ရွက်ပေးနေတာလို့  သူကဆက်ပြောပါတယ်။ တောဝက်လူငယ်ဘောလုံးသမား ၁၃ ဦးထဲက နိုင်ငံမဲ့သူ ၄ ဦးကတော့ မုန်းခုန်း ဘွန်းပျိန့် (၁၃ နှစ်)၊ အဒွန်းလ် ဆာမ်အွန် (၁၄ နှစ်)၊ ဖွန်းချိုင်း ခမ်းလုံ (၁၆ နှစ်) နဲ့ နည်းပြခို့စ်အေခ် ခေါ်  အေကဖုန်း ကျန်ထဝုန်း (၂၅ နှစ်) တို့ဖြစ်ကြကြောင်း၊ သူတို့ဟာ မိဘတွေက နိုင်ငံခြားသားဖြစ်ပြီး မွေးစာရင်းလည်း မရှိတာကြောင့် ထိုင်းမှတ်ပုံတင်မရကြတာလို့ ဆိုပါတယ်။ အဲဒီထဲက ကလေး ၃  ယောက်ဟာ အရှေ့က သုညနဲ့စတဲ့ ဂဏာန်း ၁၃ လုံးပါ နိုင်ငံမဲ့သူများ မှတ်ပုံတင်ရှိကြပြီး နည်းပြခို့စ်အေခ်ကတော့ မယ်ဆိုင်ဆေးရုံမှာ မွေးဖွားကြောင်း အထောက်အထားပဲရှိလို့  ဂဏန်း ၁၃ လုံးပါ အထောက်အထားမရှိဘူးလို့ နိုင်းအားထစ်က ပြောပါတယ်။ ဒါပေမယ့် သူတို့ ၄ ဦးလုံးဟာ ထိုင်းနိုင်ငံမှာ မွေးဖွားသူတွေချည်းဖြစ်လို့ ၂ဝဝ၈ ခုနှစ်က ပြင်ဆင်ဖြည့်စွက်ခဲ့တဲ့ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ အကျုံးဝင်ကြောင်း၊ ဒါပေမယ့် မှတ်ပုံတင်ရုံးက ထုတ်ပေးတဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားကြောင်း ထောက်ခံစာ (ထောရော ၂ဝ/၁ ပုံစံ) ရှိရမယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ ရာဇဝင်ကို စစ်ဆေးချက်အရ မုန်းခုန်း ဘွန်းပျိန့်၊ အဒွန်းလ် ဆာမ်အွန်နဲ့  ဖွန်းချိုင်း ခမ်းလုံတို့ ၃ ဦးမှာ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဝိန်းဖန်ခမ်းရပ်ကွက်တွင် မွေး ဖွားကြောင်း၊ မိဘတွေအနေနဲ့ ကလေးတွေကို မွေးဖွားပေးခဲ့တဲ့ အရပ်လက်သည်တွေ၊  မျက်မြင်သက်သေတွေခေါ်ပြီး သူတို့မွေးစာရင်းကို ရပ်ကွက်ရုံးမှာ သွားတောင်းရမှာဖြစ်ကြောင်း၊ နည်းပြခို့စ်အေခ်ကတော့ မယ်ဆိုင်ဆေးရုံလက်မှတ်ရှိပြီးသားဖြစ်လို့ အဲဒီလက်မှတ်နဲ့ မယ်ဆိုင်မြူ နီစီပါယ်ရုံးမှာသွားပြီး မွေးစာရင်း နဲ့ ဂဏန်း ၁၃ လုံးပါ ကိုယ်ပိုင်နံပါတ်လျှောက်ထား ရမယ်လို့ ဆိုပါတယ်။ မုန်းခုန်းနဲ့ ဖွန်းချိုင်း တို့နှစ်ဦးရဲ့ မိဘတွေဟာ ထိုင်းနိုင်ငံထဲကို လွန်ခဲ့သော ၁၅ နှစ်မတိုင်ခင်ကတည်းက ထိုင်းနိုင်ငံမှာ ဝင်ရောက်နေထိုင်ပြီး လိရှမ်းတိုင်းရင်းသား လက်မှတ်ရှိ တာကြောင့် ၇/၁၂/၂ဝ၁၆ အက်ဥပဒေအရ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိတယ်လို့ နိုင်းအားထစ်က ဆက်ပြောပါတယ်။ အဒွန်းဆာမ်အွန်မှာတော့ မိဘမရှိဘဲ ခရစ်ယာန်အသင်းတော်မှာ ငယ်စဉ်ကတည်းက နေထိုင်လာတာကြောင့်  သူဟာ ထိုင်းနိုင်ငံထဲ ၁ဝ နှစ်နဲ့ အထက်နေထိုင်သူ၊ ထိုင်းလူမှုဖွံ့ဖြိုးရေး နဲ့ လူသားရင်းမြစ်တည်တံ့ရေးဌာနက မိဘမဲ့ဖြစ်ကြောင်း ထုတ်ပေးတဲ့ ထောက်ခံစာလို အပ်တယ်လို့ ဆိုပါတယ်။ နည်းပြခို့စ်အေခ်မှာ မိဘတွေက နိုင်ငံခြားသားဖြစ်တယ်ဆိုရင်တော့ ထိုင်းနိုင်ငံမှာ အနည်းဆုံးဘွဲ့တခုခု ရရှိရမှာဖြစ်ပြီး အဆိုပါ ဘွဲ့လက်မှတ်နဲ့အတူ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရမှာဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ခွင့်ကို ထိုင်းပြည်ထဲရေးဌာနက အတည်ပြုပေးမှာ ဖြစ်ပါတယ်။ သက်သေအထောက်အထားတွေ ပြည့်စုံတယ်ဆိုရင် ထိုင်းမှတ်ပုံတင်ကတ်ရဖို အနည်းဆုံး ရက်ပေါင်း ၉ဝ၊ အများဆုံး ရက်ပေါင်း ၁၂ဝ ကြာမြင့်မှာဖြစ်ကြောင်း၊ ဒီလုပ်ငန်း စဉ်တွေအားလုံးဟာ တောဝက်အကယ်ဒမီဘောလုံး အသင်းအတွက်ပဲ မဟုတ်ဘဲ လူတိုင်း အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဖြစ်တယ်လို့  ထိုင်းတရားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းအားထစ် ဘွန်းယဆို ဖတ်က ပြောသွားပါတယ်။
3 years Ago
Up