နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ မော်စကိုရုံးခွဲ ချိပ်ပိတ်ခံရ

November 3, 2016

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ မော်စကိုရုံးခွဲ ချိပ်ပိတ်ခံရ

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International - AI) ရဲ့ ရုံးခွဲ ချိပ်ပိတ်ခံရတယ်လို့ ရုံးဝန်ထမ်းတွေက ပြောပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့ မနက် ၀န်ထမ်းတွေ ရုံးလာတက်ချိန်မှာ မြို့အာဏာပိုင်တွေက ရုံးတံခါးကို သော့အသစ်နဲ့ခတ်သွားပြီး လျှပ်စစ်မီးတွေလည်း ဖြတ်ထားတယ်လို့ မော်စကိုရုံးခွဲ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒီ AI အဖွဲ့ကြီးဟာ ရုရှားနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြိမ်ကြိမ် အပြင်းအထန် ပြစ်တင်ဝေဖန်နေတဲ့ နိုင်ငံတကာအဖွဲ့ကြီး ဖြစ်ပါတယ်။ မော်စကိုမြို့တော် အာဏာပိုင်တွေကတော့ ရုံးကို ငှားထားတာ သက်တမ်းကုန်ဆုံးပြီလို့ ပြောပါတယ်။ အရင်ကလည်း AI အဖွဲ့ရဲ့ ရုံးလုပ်ငန်းတွေကို မြို့တော်အာဏာပိုင်တွေက နှောင့်ယှက်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း AI အဖွဲ့က တိုင်တန်းခဲ့ဖူးပါတယ်။ မြို့အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ရုံးပြန်ဖွင့်လှစ်ရဖို့ မျှော်လင့်တယ်လို့လည်း AI အဖွဲ့က ပြောဆိုပါတယ်။ ဒီရုံးခွဲကို အနှစ် ၂၀ မြေဂရံပေါ်မှာ ငှားရမ်းထားတာဖြစ်ပြီး ရုံးခန်းငှားရမ်းခကိုလည်း လစဉ်ပုံမှန်ပေးနေတာဖြစ်တယ်လို့ ရုံးဝန်ထမ်းတွေက ပြောဆိုပါတယ်။
6 years Ago
Up