နိုင်ဂျီးရီးယားစစ်တပ်

December 26, 2016

ဘိုကိုဟာရမ်စစ်သွေးကြွ ဖမ်းဆီးထားသည့် ဓားစာခံ ၂၀၀၀ နီးပါးကို နိုင်ဂျီးရီးယားစစ်တပ် ကယ်တင်

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နို (Borno) ပြည်နယ် ဆမ်ဘီဆာ (Sambisa) တောနက်ထဲမှာ ဘိုကိုဟာရမ် စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၀၀၀ နီးပါးကို နိုင်ဂျီးရီးယားစစ်တပ်က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က “လောလောဆယ် ဆမ်ဘီဆာ တောနက်ထဲမှာရှိတဲ့ ဘိုကိုဟာရမ် သူပုန်စခန်း ၁၄ ခုထက်မနည်း ကျနော်တို့ ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။ တပတ်အတွင်း ဓားစာခံ ၁၈၈၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေ ပါဝင်ပါတယ်” လို့ ရှင်းပြသွားပါတယ်။ သူက ဆက်လက်ပြီး “ဘိုကိုဟာရမ် အကြမ်းဖက်သမားတွေရဲ့ လက်တံဟာ တိုင်းပြည်နယ်နိမိတ် အပြင်ဘက်ကိုပါ ဆန့်ထွက်နေကြောင်း၊ အကြမ်းဖက်သမားတွေထဲက ၆၀ ရာခိုင်နှုန်းဟာ အနောက်အာဖရိက လက်အောက်ခံ ဒေသတွေကနေ ရောက်လာတာဖြစ်ကြောင်း” လည်း ရှင်းပြသွားပါတယ်။ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ဟာ နိုင်ဂျီးရီးယား အစိုးရအဖွဲ့ကို ၇ နှစ်ကြာ လက်နက်ကိုင် တော်လှန်နေပြီး မိန်းကလေးငယ်တွေကို သီးသန့်ရွေး ပြန်ပေးဆွဲမှု အပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံကို ကျူးလွန်လေ့ရှိပါတယ်။ အခုအခါ နိုင်ဂျီးရီးယားစစ်တပ်က ဆမ်ဘီဆာ တောနက်ထဲက ခြေကုပ်စခန်းတွေကို ရှင်းလင်းနေပြီး လာမယ့်နှစ်မှာ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ကို အပြီးတိုင် ရှင်းလင်းနိုင်ဖို့ ရည်ရွယ်ထားကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
5 years Ago
Up