နိုင်ဂျီးရီးယား

July 15, 2019

မာရက်ဇ်၏ နောက်ကျသွင်းဂိုးဖြင့် အယ်လ်ဂျီးရီးယားအသင်း အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

အာဖရိကနိုင်ငံများဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်ဂျီးရီးယားနဲ့ နိုင်ဂျီးရီးယားတို့ မနေ့ကယှဉ်ပြိုင်ရာ အယ်လ်ဂျီးရီးယားက နှစ်ဂိုး တဂိုးနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။ အယ်လ်ဂျီးရီးယားအသင်းမှာ မာရက်ဇ်၊ ဖီဂူလီတို့ ဦးဆောင် ပွဲထွက်လာသလို နိုင်ဂျီးရီးယားကလည်း အိုင်ဝိုဘီ၊ မူဆာ၊ အစ်ဂ်ဟာလိုတို့နဲ့ ဦးဆောင်လာပါတယ်။ နှစ်သင်း ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိခဲ့ပြီး ထိုးဖောက်ကန်သွင်းရာမှာတော့ နိုင်ဂျီးရီးယားက အနည်းငယ် အသာရခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာ နိုင်ဂျီးရီးယားနောက်ခံလူ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ပထမပိုင်းမှာ အယ်လ်ဂျီးရီးယားက တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ်မှာ နိုင်ဂျီးရီးယား ပယ်နယ်တီကန်ခွင့် ရခဲ့ပြီး တိုက်စစ်မှူး အစ်ဂ်ဟာလို အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပနိုင်ခဲ့ပါတယ်။ တဖက်တဂိုးစီနဲ့ ပွဲပြီးမလိုဖြစ်နေရာက လက်ကျန်ပွဲချိန် နောက်ဆုံးမိနစ်မှာ အယ်လ်ဂျီးရီးယားအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး မာရက်ဇ် နိုင်ဂျီးရီးယား ဂိုးထောင့်ကို လှလှပပ ကန်သွင်းခဲ့တာကြောင့် အယ်လ်ဂျီးရီးယားအသင်း နှစ်ဂိုး တဂိုးနဲ့ အောင်ပွဲဆင် ဗိုလ်လုပွဲ တက်ရောက်သွားတာ ဖြစ်ပါတယ်။
2 years Ago

July 11, 2019

တောင်အာဖရိကကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး နိုင်ဂျီးရီးယား အာဖရိကနိုင်ငံများဖလား ဆီမီးတက် (ရုပ်သံ)

အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နိုင်ဂျီးရီးယားနဲ့ တောင်အာဖရိက အသင်းတို့ မနေ့ကယှဉ်ပြိုင်ရာ နိုင်ဂျီးရီးယားက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ နိုင်ဂျီးရီးယားအသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ကင်မရွန်းအသင်းကို ကျော်ဖြတ်လာသလို တောင်အာဖရိကအသင်းကလည်း နာမည်ကြီး အီဂျစ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းလာတာပါ။ နိုင်ဂျီးရီးယားအသင်းဟာ အစ်ဂ်ဟာလို၊ မူဆာ၊ အိုင်ဝိုဘီ၊ အန်ဒီဒီ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။ ဒီပွဲမှာ တောင်အာဖရိကအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ အသာစီး ရယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းရာမှာတော့ နိုင်ဂျီးရီးယားက အသာရခဲ့ပါတယ်။ နိုင်ဂျီးရီးယားအတွက် ပွဲချိန် ၂၇ မိနစ်မှာ ချပ်ခ်ဝူဇီက အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပထမပိုင်းမှာ တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပေမယ့် ဒုတိယပိုင်း ၇၁ မိနစ်မှာ ဇွန်ဂူးက တောင်အာဖရိကအတွက် ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ တဂိုးစီသရေနဲ့ ပွဲပြီးမလိုဖြစ်နေရာက ပွဲချိန် ၈၉ မိနစ်မှာ နိုင်ဂျီးရီးယားအသင်း ထောင့်ကန်ဘောကတဆင့် အနိုင်ဂိုး သွင်းယူပြီး ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
2 years Ago
More News
Up