နုတ်ထွက်ပေးရန် ဆန္ဒပြ

November 5, 2016

ကိုရမ်ကျမ်းကို စော်ကားသည့် ဂျာကာတာအုပ်ချုပ်ရေးမှူး နုတ်ထွက်ပေးရန် ဆန္ဒပြ

အင်ဒိုနီးရှားမြို့တော် ဂျကာတာရဲ့ မြို့လယ်မှာ ထောင်သောင်းချီနေတဲ့ မွတ်စလင် အမာခံတွေ သမ္မတ နန်းတော်ဆီကို နိုဝင်ဘာ ၄ ရက်နေ့ ချီတက်ခဲ့ကြပါတယ်။ ဂျကာတာ အုပ်ချုပ်ရေးမှူး ဘာစုခိ ပါနာမာက ကိုရမ်ကျမ်းကို စော်ကားခဲ့လို့ ရာထူးက နုတ်ထွက်ပေးဖို့ သူတို့က ပြောရင်း တောင်းဆို ဆန္ဒပြနေတာပါ။ ဘုရားနဲ့ မြင့်မြတ်တဲ့အရာတွေကို စော်ကားပြောဆိုမှု ပုဒ်မနဲ့ ထောင်ချဖို့လည်း ဆော်သြခဲ့ကြပါတယ်။ အဟုတ်လို့ လူသိများတဲ့ ပါနာမာဟာ သူ့ကို ပြောဆိုတိုက်တွန်းတဲ့ အတိုက်အခံ တယောက်ကို ကိုရမ်ကျမ်းက စာတကြောင်းကို ကိုးကား ပြောဆိုပြီး တိုက်တွန်းချက်ကို ပယ်ချခဲ့တယ်လို့ ပြောပါတယ်။ ဒီကိစ္စအတွက် ပါနာမာက ပြန်တောင်းပန်ခဲ့ပြီး ရဲတွေက ဒီအမှုကို စုံစမ်းစစ်ဆေးနေပါတယ်။ အစ္စလာမစ် ကာကွယ်သူများ တပ်ဦး FPI လို့ သူတို့ကိုယ်သူတို့ ခေါ်တဲ့အဖွဲ့က ဦးဆောင်ပြီး ဆန္ဒပြနေတာ ဖြစ်ပါတယ်။ ဂျကာတာ အုပ်ချုပ်ရေးမှူးဟာ ခရစ်ယာန်ဘာသာဝင် ဖြစ်ပြီး ဒီရာထူးကို ရယူတဲ့ ပထမဆုံး တရုတ်တိုင်းရင်းသားလည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ပါနာမာကို အရေးယူဖို့ သမ္မတကို ဆော်သြပေမယ့် မွတ်စလင်ဖြစ်သူ သမ္မတက ပါနာမာကို တရားစီရင်ရေး လုပ်ငန်းစဉ်မှာ ပါဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။ သမ္မတ ဝီဒိုဒိုက ဂျကာတာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ပါနာမာဟာ လက်ထောက်အစြဖ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ သူတို့ ၂ ယောက်ဟာ မဟာမိတ်အဖြစ် လူအများက ရှုမြင်တာ ခံရပါတယ်။ ပါနာမာဟာ ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နာမည်ရထားပြီး အုပ်ချုပ်ရေးမှူး အဖြစ် ပြန်ရွေးကောက်ခံဖို့ မွတ်စလင် ၂ ယောက်ဖြစ်သူ သမ္မတဟောင်း စူစီလိုဘန်ဘန် ယူဒိုယိုနိုရဲ့သား အားဂတ်စ် ယုဒိုယိုနိုနဲ့ ပညာရေးဝန်ကြီးဟောင်း အာနီးစ် ဘတ်စ်ဝီဒန်တို့နဲ့ ယှဉ်ပြိုင်မှာပါ။ အင်ဒိုနီးရှားဟာ ကမ္ဘာ့လူအထူဆုံး မွတ်စလင်နိုင်ငံ ဖြစ်ပြီး မွတ်စလင် အများအပြားက အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးပါတယ်။ အမာခံ မွတ်စလင်တွေက အရင်က အခါအားလျော်စွာ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ဖူးပေမယ့် ရှားပါတယ်။
6 years Ago
Up