ဖူလာနီမျိုးနွယ်စုအယောက် ၁၆၀ အစုလိုက် သတ်ဖြတ်ခံရပြီး တလအကြာ ဧပြီလ ၁၈ ရက်က မာလီဝန်ကြီးချုပ်နဲ့ အစိုးရတဖွဲ့လုံး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
ဝန်ကြီးချုပ် ဆူမေလူဘူဘဲမေဂါနဲ့ အစိုးရတဖွဲ့လုံးရဲ့ နုတ်ထွက်စာကို သမ္မတက လက်ခံခဲ့တယ်လို့ မာလီသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။
ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ နုတ်ထွက်ရတဲ့ အကြောင်းရင်းကို မပြောကြားပေမယ့် အစုလိုက်သတ်ဖြတ်မှုနဲ့ ပြည်သူ့စစ်တွေကို လက်နက်မဖြုတ်သိမ်းနိုင်တာမို့ ဧပြီ ၁၇ ရက်က မာလီ ဥပဒေပြုအမတ်တွေက အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ ဆွေးနွေးခဲ့ပါတယ်။
မတ်လ ၂၃ ရက်က မာလီနိုင်ငံ အလယ်ပိုင်းမှာ ဖူလာနီမျိုးနွယ်စု တိရစ္ဆာန် မွေးမြူရေး သမားတွေကို သေနတ်သမားတွေ သတ်ဖြတ်တာကြောင့် လူ ၁၆၀ သေဆုံးခဲ့ပါတယ်။
ဒီအကြမ်းဖက်မှုဟာ မာလီနိုင်ငံအတွင်း အကြမ်းဖက်အဖွဲ့တွေကို အစိုးရက နှိမ်နင်းပြီးနောက်မှာ ပေါ်ပေါက်ခဲ့ပြီး မာလီနိုင်ငံကို တုန်လှုပ်စေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago