နှိုးဆော်ချက်

March 23, 2018

အပူဒဏ်အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်

အပူဒဏ်အန္တရာယ်ကာကွယ်ရေး အချက် ၈ ချက်ပါ နှိုးဆော်ချက်တရပ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ ၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများအနေဖြင့် နေ့လယ် နေ့ခင်းအချိန်တွင် အရိပ်ရ အေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင် နားနေပါ။ ၂။ ပူပြင်းသော နေရောင်အောက်တွင် ပင်ပန်းစွာ အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ ၃။ ပူပြင်းသည့် နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ်လုံလောက်စွာ ရရှိနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရ အေးမြသည့် နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏ ပြုလုပ်ပါ။ ၄။ အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွ ချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။ ၅။ နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းနှင့် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်း စသည်တို့ကို ရှောင်ကြဉ်ပါ။ ၆။ အရက်သေစာ သောက်သုံးခြင်းကြောင့် အပူဒဏ် အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။ ၇။ ခန္ဓာကိုယ်အတွင်း ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။ ၈။ မိတ်နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။
4 years Ago

February 22, 2018

ကြက်၊ ငှက် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

ကြက်၊ ငှက် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်တရပ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကြက်၊ ငှက် တုပ်ကွေးရောဂါဟာ နိုင်ငံအသီးသီးမှာ ရာသီမရွေး ဖြစ်ပွားနေလို့ မိမိတို့နိုင်ငံတွင်းရှိ ကြက်၊ ဘဲ၊ ငုံးခြံတွေတွင်လည်း ဇီဝလုံခြုံမှု စနစ်တကျ မြှင့်တင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကြက်၊ ငှက် တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရန် အချက်များ (က) ကြက်၊ ဘဲနှင့် ငုံးမွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် (ခ) ကြက်၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ အရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေး ဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ (ဂ) မွေးမြူရေးခြံအတွင်းသို့ ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ် စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျ ဝတ်ဆင်ရန်၊ (ဃ) ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးတိုင်း၊ ကြက်ခြံမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊ (င) အသား၊ ဥတို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန်၊ (စ) ကြက်၊ ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်း သတင်းပို့ရန်၊ (ဆ) ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
4 years Ago
Up