နိုင်ငံရေးသိက္ခာ

June 28, 2018

နိုင်ငံရေးသိက္ခာကို ထည့်တွက်ကြဖို့ လိုပါပြီ

လူဆိုသည်မှာ နိုင်ငံရေးသတ္တဝါတမျိုးလို့ ဂရိတွေးခေါ်ပညာရှင် ပလေတိုက ပြောဆိုခဲ့ဖူးပါတယ်။  နိုင်ငံရေးဆိုတာ နိုင်ငံတနိုင်ငံထဲမှာ နေထိုင်ကြတဲ့ လူများရဲ့အရေးကို ခေါ်ဆိုတာလို့ တချို့က အနက်ဖွင့်ကြပါတယ်။ တကယ်တမ်း တွေးကြည့်ရင်လည်း နိုင်ငံရေးဆိုတာ လူတိုင်းနှင့်သက်ဆိုင်နေပြီးသား ကိစ္စရပ်တခုသာ ဖြစ်ပါတယ်။  လူတွေများလို့ အဖွဲ့အစည်းဆိုတာမျိုးကို ဖွဲ့ရတယ်။ ခေါင်းဆောင်တွေကို တင်မြှောက်ကြရတယ်။ အသင်းအပင်းတွေ လုပ်ကြရတယ်။  အများကိစ္စတွေကို ဆောင်ရွက်တယ် ဆိုတာလည်း အများသဘောတူညီချက်ကို ယူပြီး တဦးချင်းစီရဲ့ အဆင်ပြေမှုကို ရည်ရွယ်ကြတဲ့ သဘောပါ။ ဥပမာအားဖြင့် ရွာတရွာမှာ ရေကန်တူးဖို့ အစည်းအဝေးလုပ်တယ်ဆိုရင် တရွာလုံး တွေ့ဆုံဆွေးနွေးကြတာက အများသဘောတူညီချက် ဖြစ်ပေမယ့် ရေကန် ဖြစ်မြောက်လာတဲ့အခါ အိမ်ထောင်စု ကိုယ်စီကိုယ်စီ ဝေငှသုံးစွဲဖို့အတွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အများသဘောတူညီချက်၊ အများလုပ်ဆောင်ချက်ထဲမှာပဲ တသီးပုဂ္ဂလအတွက် ရည်မှန်းချက်တွေ၊ ကောင်းကျိုး၊ ဆိုးကျိုးတွေ ပါသွားပြီးသား ဖြစ်ပါတယ်။ စာသင်ကျောင်းဆောက်ဖို့ ရပ်ရွာလူထုအားလုံး ဝိုင်းဝန်းဆွေးနွေး တင်ပြပေမယ့်လည်း ဦးဆောင်သူတစုရဲ့ သားသမီးအတွက်ပဲ စာသင်ကျောင်းမှာ သင်ရတာ မဟုတ်သလို အဆိုပါရပ်ရွာနဲ့ အနီးတဝိုက်ကလည်း ကျောင်းလာတက်လို့ ရကြပါတယ်။  သို့သော် ကျောင်းအတွက် ကျမယ့်ငွေကြေးကို တစုံတယောက်က သုံးစွဲလိုက်ပြီဆိုရင် ပစ္စည်းတွေကို စုံလင်အောင်မထည့်ဘဲ ဖြစ်သလိုလုပ်ပြီး ကျောင်းရန်ပုံငွေထဲကနေ ခေါင်းဆောင်တချို့က ဖြတ်ခုတ်သုံးစွဲလိုက်ပြီဆိုရင် ကျောင်းနှင့်ပတ်သက်တဲ့ လူအားလုံးကို နစ်နာစေပါတယ်။ ရွာကိုလည်း နစ်နာစေပါတယ်။ ဒီလိုဆိုရင် ရပ်ရွာတရွာလို့ ကြည့်ပေမယ့် နိုင်ငံသားတွေ ဖြစ်နေတာကြောင့် ဒီလိုမျိုး ဒေသတွေမှာ ခေါင်းဆောင်လုပ်တဲ့သူတွေဟာ အသေးစား နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်နေပါတယ်။ ဒီလိုခေါင်းဆောင်မျိုးတွေသာ ပိုပြီး တာဝန်ကြီးတဲ့နေရာတွေကို ထမ်းဆောင်ခွင့်ရရင်၊ အကျင့်စရိုက်ကို မပြုပြင်ရင် ဒီထက်ကြီးမားတဲ့ လာဘ်စားမှုတွေ၊ ထိမ်ချန်ထားမှုတွေကို လုပ်ကြမှာပါပဲ။ နိုင်ငံကို လူနှင့်တည်ဆောက်ပြီး လူအများကို တရားဥပဒေတွေနှင့် ဘောင်ကွပ်ထားပါတယ်။ သို့သော်လည်း တရားဥပဒေတွေ၊ လုပ်ပိုင်ခွင့်တွေဆိုတာ သာမန်လူတွေထက် ထိရောက်တဲ့သူတွေ၊ ခေါင်းဆောင်လုပ်တဲ့သူတွေနှင့်ပဲ ပိုပြီး နီးစပ်ပတ်သက်နေတာတွေပါ။ ဒီအရာတွေ မျှမျှတတဖြစ်ဖို့က သူတို့မှာ ပိုတာဝန်ရှိပါတယ်။ ဂျဝါဟလာနေရူးရဲ့ သူ့သမီးထံသို့ ပေးစာများ ဆိုတဲ့ စာအုပ်မှာ အစိုးရရဲ့ (Government) ဆိုတာ (Guardian) စောင့်ရှောက်ခြင်းကနေ ဆင်းသက်လာတယ်လို့ သမီးဖြစ်သူကို ရှင်းပြထားတာ ဖတ်ဖူးပါတယ်။ နေရူး ဆိုလိုတာကတော့ သက်ဦးဆံပိုင် ဘုရင်စနစ် ဆင်းသက်လာပုံအကြောင်းပါ။ ကမ္ဘာဦးတုန်းက လူတစုနှင့်လူတစု နေတာ မတူကြဘူး။ ပြီးရင် အမြဲတမ်း တိုက်ပွဲတွေ၊ ရှာဖွေမှုတွေ၊ သားကောင်ဖမ်းဆီးမှုတွေနှင့် အလုပ်ရှုပ်ကြတော့ နောက်ပိုင်းမှာ သူတို့ရှာဖွေထားတဲ့ ပစ္စည်းတွေကို မပျက်မရှအောင် စောင့်ရှောက်ပေးမယ့်သူ တယောက်လောက် လိုလာတယ်။ ဒီလို စောင့်ရှောက်ပေးတဲ့သူကလည်း အမဲရှာထွက်တဲ့သူတွေလိုပဲ ဝေစုခွဲဝေတဲ့အခါ ဝေစုတခု ရမယ်။ နောက် ဒီလိုပေးနေရတာကလည်း ရိုးလာသလို ယူရတဲ့သူကလည်း သူ ရှာဖွေတဲ့ထဲမှာ မပါနိုင်တဲ့အတွက်လည်း သိက္ခာကျတယ်လို့ မယူဆဘူး။ နောက်တော့ သူ သေဆုံးသွားတယ်။  ဒီလို သေဆုံးသွားတော့ အမဲလိုက်နေကျ ရှိတဲ့သူတွေက ဒီလို စောင့်ရမယ့်အလုပ်ကို မလုပ်လိုကြဘူး။ ပစ္စည်းတွေ ထိန်းတာသိမ်းတာကိုလည်း လုပ်လေ့လုပ်ထမရှိတော့ ဒီလိုစောင့်ရှောက်ရတဲ့အလုပ်မှာ မကျွမ်းကျင်တာလည်း ပါပါတယ်။ ဒီလိုနဲ့ ပထမ စောင့်ရှောက်တဲ့သူ သေသွားတဲ့အခါ သူ့သားသမီးတွေက ဆက်ပြီး သူ့အဖေယူခဲ့တဲ့တာဝန်ကို ဆက်ယူ၊ အမဲလိုက်၊ နယ်မြေသိမ်းတဲ့သူတွေကလည်း နယ်မြေရလာရင်လည်း ဝေစုတခုအနေနှင့် ထွန်ယက်စိုက်ပျိုးပေးကြ၊ ရိတ်သိမ်းပေးလိုက်ကြ၊ အမဲလိုက်လို့ ရလာရင်လည်း ပေးလိုက်နှင့် နောက်ကျတော့ အစဉ်အလာတခု ခိုင်မြဲသွားတဲ့အခါ စောင့်ရှောက်တဲ့ မိသားစုရဲ့ အဆက်အနွှယ်တွေဟာ အမဲလိုက်သူ၊ နယ်မြေသိမ်းပိုက်သူတွေကို သူတို့ရဲ့ကျေးကျွန်တွေလို သဘောထားလာပြီး သူတို့က မွေးကတည်းက သူတို့ကိုခိုင်းဖို့ မွေးလာတယ်လို့ ယူဆလာကြပါတယ်။ ဒီလိုနဲ့ပဲ သက်ဦးဆံပိုင်ဘုရင်စနစ်ဟာ အစပြုလာပုံရတယ်လို့ ဆွေးနွေးထားပါတယ်။ ဘာပဲဆိုဆို တကယ်တမ်း ပြန်တွေးကြည့်ရင်လည်း အစိုးရဆိုတာ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာ၊ တရားဥပဒေ၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာကို စောင့်ရှောက်ပေးရတဲ့ အဖွဲ့အစည်း ဆိုတာကတော့ ဒီနေ့အထိလည်း မှန်ကန်နေဆဲပါ။ တချို့ကလည်း စောင့်ရှောက်နေရင်းနှင့် ဒါတွေဟာ ငါ့ရဲ့ဘုန်းသမ္ဘာကြောင့် ရလာတာ၊ ကျန်တဲ့သူတွေက ငါ့အတွက် ဖြစ်လာကြတာဆိုတဲ့ မာန်မာနတွေ ဝင်ကုန်ကြပါတယ်။ ခုထိလည်း အာဏာရရင် ခံနိုင်ရည်ရှိတဲ့သူတွေက နည်းနေကြဆဲပါ။ ခေတ်ကာလ ပြောင်းလာပြီး လူသားတို့ရဲ့ ဉာဏ်ပညာမြင့်မားမှု၊ တွန်းလှန်မှုကြောင့်သာ ဘုရင်စနစ်တွေ ပျောက်လာပြီး အုပ်ချုပ်ပုံစနစ်တွေလည်း အမျိးမျိုး ပြောင်းလဲလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဘုရင်ခေတ်တွေကို တခြားသော တိုင်းပြည်တွေရဲ့ ရာဇဝင်တွေလို ဖြတ်ကျော်ခဲ့ရပါတယ်။ အင်္ဂလိပ်အုပ်စိုးတဲ့ခေတ်၊ ဂျပန်အုပ်စိုးတဲ့ခေတ်၊ အင်္ဂလိပ်အုပ်စိုးတဲ့ခေတ်နှင့် လွတ်လပ်ရေးနောက်ပိုင်းမှာပဲ မဆလခေတ်၊ နဝတ၊ နအဖခေတ်မှသည် ၂၀၁၀ ရွေးကောက်ပွဲကနေ အရပ်သားတပိုင်း အစိုးရ၊ အခု ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာဆိုရင် ဒီမိုကရေစီ အရပ်သားအစိုးရကို ပြည်သူတွေ ပိုင်ဆိုင်လာတဲ့အထိ ရွှေ့ပြောင်းလာခဲ့ပါပြီ။ သမိုင်းကြောင်းတွေကို စာရွက်နှင့် ရေးသားလိုက်ရင်သာ ဖြတ်ကျော်လို့ရပေမယ့် တကယ့်နဖူးတွေ့၊ ဒူးတွေ့ ဖြတ်သန်းလာတဲ့ အခါမှာတော့ ယုံကြည်ချက်၊ ထောင်၊ အသက်စွန့်လွှတ်မှု၊ မိတကွဲ ဖတကွဲ ဘဝပေါင်း မြောက်မြားစွာတို့ဟာလည်း ဒီခရီးကိုရောက်ဖို့ တံတားသဖွယ် ဖြစ်ခဲ့ကြပါတယ်။ သို့သော် ပြောင်းလဲချိန်တွေထဲမှာ အခုထိ မပြောင်းလဲနိုင်သေးတဲ့၊ ပြောင်းလဲဖို့ လိုအပ်သေးတဲ့ အာဏာရဲ့ အလေ့အထတွေ၊ ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်တဲ့ လုပ်ရပ်တွေလည်း အများကြီး လိုပါသေးတယ်။ ခုလက်ရှိ သတင်းတွေမှာပဲ ဟိုတလောက ပြည်တွင်းစစ်ရပ်စဲရေး အော်တဲ့သူတွေကို ပြည်သူ့ရဲက ဖမ်းတာ၊ ဒီလိုဖမ်းတာတွေထဲမှာ သတင်းသမားတွေရော၊ ဆန္ဒပြတဲ့သူတွေကိုရော အရပ်ဝတ်နှင့် လူတစုက ဝင်ရောက်ရိုက်နှက်ခဲ့တာ ဒီလိုမျိုးတွေအတွက်လည်း ခုချိန်ထိ ဘယ်သူတဦးတယောက်မှ (အထူးအားဖြင့်) သက်ဆိုင်ရာနယ်မြေက လွှတ်တော်ကိုယ်စားလှယ်တွေက အစ အရေးတယူ တင်ပြဆွေးနွေးကြတာတွေ၊ မျက်မြင်သက်သေ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကလည်း အရေးယူမှု မရှိတာတွေဟာ အလွန်တရာမှ စိတ်ပျက်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေပါ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချိန်တုန်းက ကျောင်းသားတွေ နိုင်ငံရေးလုပ်ဖို့ စိတ်ပါဝင်စားရမယ်ဆိုတဲ့ စကားကို ပြက်ရယ်ပြုလောက်အောင်ထိ တက္ကသိုလ် အဝန်းအဝိုင်းကနေ ကျောင်းသားတွေ ကျောင်းထဲမှာ နိုင်ငံရေးစကား မပြောရ ဆိုတဲ့ ထုတ်ပြန်ချက်ဟာလည်း အရုပ်ဆိုး အကျည်းတန်စွာ ပေါ်ထွက်လာခဲ့ပါတယ်။  လူမှုကွန်ရက်ကနေ ဝိုင်းပြီး ဝေဖန်ကြ၊ မီဒီယာတွေကနေ ဖော်ပြကြမှ အဆိုပါ ထုတ်ပြန်ချက်ကို ပယ်ဖျက်တယ်ဆိုတာက ပြန်ထုတ်ပြန်လာပါတယ်။ တကယ်တမ်းကျတော့လည်း ဒါတွေဟာ ဒီလိုလုပ်လိုက်ရင် နိုင်ငံရေးအမြတ်ဖြစ်စေ၊ အစိုးရဖြစ်စေ၊ အဖွဲ့အစည်းတခုကဖြစ်စေ ကြိုက်များကြိုက်မလားဆိုပြီး ထုတ်ပြန်ပြလိုတဲ့ သဘောပဲလို့ ယူဆပါတယ်။ ဒီလိုမျိုး ထုတ်ပြန်လိုက်တာနှင့် တိုင်းပြည်ကြီး ဘာဖြစ်သွားမလဲ၊ မထုတ်ပြန်လိုက်ရင်လည်း ဘာမှ ကြီးကြီးမားမား တိုင်းပြည်အတွက် အကျိုးထူး မဖြစ်ထွန်းမယ့် ကိစ္စတွေကို ရေးကြီးခွင်ကျယ် လုပ်နေကြတာကလည်း အတော်များများ တွေ့လာရပါတယ်။ ဇွန်လ ၃ ရက်နေ့ RFA သတင်းတပုဒ်ထဲမှာ ဖော်ပြထားတာကတော့ ရမ်းဗြဲမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ၎င်း၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တဲ့ အချက်အလက်တွေကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နှင့် စစ်တွေမြို့ အမှတ် (၁) မြို့မရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး အဆိုပါအရေးယူမှုကို ပညာရေးဌာနက စီစဉ်တာမဟုတ်ဘဲ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက စီစဉ်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်လှထွန်းက အဆိုပါသတင်းမှာ ပြောဆိုထားတာ တွေ့ရပါတယ်။ ဇွန်လ ၂ ရက်နေ့က ဦးသန်းမောင်ဦး တင်ခဲ့သော ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ငါတို့ ရခိုင်ပြည်က တိုင်းနှင့်ပြည်နယ် (၁၄) ခုထဲမှာ ၁။ ပညာရေး အနိမ့်ကျဆုံး ၂။ စီးပွားရေး အနိမ့်ကျဆုံး၊ ၃။ ကျန်းမာရေးဝန်ဆောင်မှု အနိမ့်ကျဆုံး၊ ၄။ လူမှုရေးနယ်ပယ်ကြီး အပျက်စီးဆုံး၊ ၅။ အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲအရှိဆုံး ၆။ ပြည်နယ်အစိုးရအဖွဲ့ကို ပြည်သူများ မကြိုက်ဆုံး၊ (ကျန်တိုင်းနှင့်ပြည်နယ်များမှာ လူထုနှင့် အစိုးရများဟာ ရခိုင်မှာထက် သဟဇာတဖြစ်တယ်)၊ ၇။ လူငယ်များ နေရပ်စွန့်ခွာမှု အများဆုံး၊ ၈။ လမ်းများ မကောင်းဆုံး၊ ၉။ ပထဝီရေခံမြေခံ အကောင်းဆုံး၊ ၁၀။ သဘာဝမြေသြဇာ အကောင်းဆုံး၊ ၁၁။ ငါး၊ ပုစွန် ရေသယံဇာတ အပေါများဆုံး၊ ၁၂။ ရေနက်ဆိပ်ကမ်းကြီးများ အကောင်းဆုံး၊ ၁၃။ သဘာဝဓာတ်ငွေ့ အထွက်ဆုံး ရေးသားထားတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်ပညာရေးနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက် ၂၁ ဒသမ ၄၅ ရာခိုင်နှုန်းအစား ၁၆ ဒသမ ကျော်ကျော်ဟု ရေးသားခဲ့တာကြောင့် တရားစွဲခံခဲ့ရကြောင်း သိရပါတယ်။ ဇွန် ၄ ရက်နေ့ထုတ် The VOICE Daily သတင်းစာမှာလည်းပဲ အဆိုပါသတင်းကို ဖော်ပြထားတာ တွေ့ရပါတယ်။ သတင်းထဲမှာ ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်ကလည်း “ကျနော်တို့ပြည်နယ်ရဲ့ အောင်ချက်ရာခိုင်နှုန်းကို အလွဲဖော်ပြထားတယ်။ ကျနော်တို့က ဝန်ထမ်းဆိုတော့ အပေါ်က တာဝန်ပေးရင် လုပ်ဆောင်ပေးရတာပေါ့။ ဒီကိစ္စနှင့်ပတ်သက်လို့လည်း သိပ်မပြောချင်ဘူး’’ လို့ ဖြေကြားထားတာ တွေ့ရပါတယ်။ ဒါတွေကိုကြည့်လိုက်ရင် ပြည်နယ်ပညာရေးအဖွဲ့က တရားစွဲစရာလည်း ကိစ္စမရှိဘူး။ တရားလည်း မစွဲလိုဘူးဆိုတာ တွေ့ရပါတယ်။ သူတို့ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အမှူးပြုသော ရခိုင်ပြည်နယ်အစိုးရက ခိုင်းလို့သာ တရားစွဲရတဲ့ သဘောပါ။ ဇွန်လ ၂ ရက်ဆိုတာ တပြည်လုံး အောင်စာရင်းတွေ ထွက်ပြီးလို့ လူမှုကွန်ရက်ပေါ်မှာ မနှစ်က အောင်ချက်ရာခိုင်နှုန်းတွေရော၊ ဟိုနှစ်တွေဆီက အောင်ချက် ရာခိုင်နှုန်းတွေရော ပလူပျံနေတဲ့အချိန်ပါ။ ဒီလိုပို့စ်တွေ တက်လာတိုင်း Share သူတွေ ဒုနဲ့ဒေးပါ။ ဝေဖန်သူတွေ အများကြီးပါ။ တကယ်တမ်းကျရင် ဇွန်လ ၂ ရက်နေ့ ၆ နာရီမှ ထုတ်ပြန်မယ်ဆိုတဲ့ အောင်စာရင်းတွေကလည်း ကိုယ့်အဆက်နှင့်ကိုယ် သိထားကြတာ အများကြီးပါ။ အဲဒီနေ့မှာပဲ အောင်စာရင်းစာရွက်တွေက လိုင်းပေါ်မှာ တက်လာပါသေးတယ်။  ဒါတွေကိုကျတော့ ခုထိလည်း ဘာတခုမှ အရေးတယူ ဆောင်ရွက်တာမျိုးလည်း မတွေ့ရပါ။ တချို့ဘော်ဒါဆောင်တွေ၊ တချို့မိဘတွေဆိုရင် အောင်စာရင်းမထွက်ခင် ၄ ရက် ၅ ရက်လောက်ကတည်းက ကြိုသိနေကြလို့ သားသမီးအောင်တဲ့ မိဘတွေကို ရပ်ကွက်ထဲမှာတောင် ကျွေးမွေးပြီးကြပါပြီ။ ဒါတွေကကော ပညာရေးနှင့်ပတ်သက်လို့ အကျည်းတန်စေတဲ့ လုပ်ရပ်တွေ မဟုတ်ဘူးလား။ အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးလည်း သူ မှားပြီလို့ သိတဲ့နောက် သူ့ပို့စ်မှာ တင်ထားတဲ့ အောင်ချက် ရာခိုင်နှုန်းကို ပြန်ပြင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ပို့စ်တခုမှာ ပြန်ပြင်လို့ရတဲ့ အချက်တခုကြောင့် ၆၆(ဃ) နှင့် တရားစွဲတယ်ဆိုတာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဒီမိုကရစီဆိုတာကို မေးခွန်းထုတ်စရာပါ။ ဒီလို တရားစွဲမှုကို လွှတ်တော်ကို တင်ပြတဲ့အခါမှာတော့ လွှတ်တော်ကျင်းပချိန်ဖြစ်လို့ ဖမ်းဆီးအရေးယူလို့ မရသေးတဲ့အကြောင်းကို သိရသလို လွှတ်တော်ဒုဥက္ကဋ္ဌဖြစ်သူ ဦးမြသန်းက ပြောတာကလည်း အလွန်တရာမှ စိတ်မချမ်းမြေ့စရာတွေပါ။ ဦးသန်းမောင်ဦး တင်ပြထားတဲ့ အချက်အလက် ၁၄ ခုထဲမှာ ရခိုင်ပြည်နယ်ရဲ့ လိုအပ်ချက်တွေကို ဖော်ပြထားတာသာ တွေ့ရပါတယ်။ ဒီလို ဖော်ပြချက်တွေထဲက ပညာရေးဌာန ကိစ္စတခုကို လက်ကိုင်ထားပြီး တရားစွဲဆိုထားတာက တပိုင်းပါ။ သို့သော် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက ဦးသန်းမောင်၏ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် တရားစွဲဆိုခံရသည်ကို လွှတ်တော်က ဝင်ရောက်စွက်ဖက်ပေးမှာ မဟုတ်ဟု  ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လိုအပ်ချက်တွေကို ဖော်ပြထားမှုကြောင့်လည်းဖြစ်၊ လက်ရှိ တရားစွဲဆိုတာမှာလည်း ပညာရေးကဏ္ဍကို ကိန်းဂဏန်း အချက်အလက်မှားတွေနှင့် ဝေဖန်တဲ့အတွက် တရားစွဲထားတယ်လို့ သိနေပါလျက် ဘာကြောင့်များ ကိုယ်ရေးကိုယ်တာကိစ္စလို့ သုံးစွဲရပါသလဲ။ မိမိ၏ ပုဂ္ဂလိကကိစ္စ မဟုတ်ဘဲ ရခိုင်ပြည်ရဲ့ လိုအပ်ချက်ကို မိမိဘာသာ အမြင်ဖြင့် ရေးသားထားတာကလည်း ဒီမိုကရေစီအစိုးရ တရပ်အတွက် နားထောင်သင့်တဲ့ ကိစ္စရပ်တခုလို့သာ ယူဆပါတယ်။ ယခုဆိုရင် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဒေါက်တာအေးမောင်နှင့် ဦးသန်းမောင်ဦးတို့ဟာ တရားစွဲဆိုခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဖြစ်ပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာတော့ ဦးသန်းမောင်ဦး ကိုယ်တိုင် အမှတ် ၁ စခန်းကို သွားရောက် အဖမ်းခံခဲ့ပြီး အာမခံကြေး ပေးခဲ့ရတယ်လို့ သိရပါတယ်။ နိုင်ငံရေးဆိုတာ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အခြေခံတယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေက အနက်ဖွင့်လေ့ ရှိကြပါတယ်။ အခုလက်ရှိ အနေအထားထက် အောင်မြင်ချင်တယ်၊ တိုးတက်ချင်တယ်၊ ကြီးပွားချင်တယ်၊ သာယာတဲ့ဘဝကို လိုလားကြတယ်။ ဒါဟာလည်း ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ပါပဲ။ ဒီထက်ပိုပြီး ကိုယ် သာယာပြီးရင် ကိုယ့်အနီးပတ်ဝန်းကျင်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ နိုင်ငံ စတဲ့အထိ ဖွံ့ဖြိုးတိုးတက်စေချင်ရင်တော့ လူ့လောကအတွက် လိုအပ်တဲ့ နိုင်ငံသားကောင်းတွေ၊ နိုင်ငံသားများစွာရဲ့ အရေးကို ဆောင်ရွက်လိုတဲ့ နိုင်ငံရေးသမားတွေ ဖြစ်လာကြပါတယ်။ ထို့အတူ လွတ်လပ်စွာ နေချင်တယ်။  လွတ်လပ်စွာ တရားမျှတမှုကို လိုလားတယ်။  ကြီးနိုင်ငယ်စား အမူအကျင့်တွေကို မလိုလားဘူး။ ဒီထက် ကိုယ်တဦးတည်း ကိစ္စထက် သူများကိုလည်း လွတ်လပ်အောင် လုပ်ပေးချင်တယ်။ တရားမျှတမှုအတွက် လိုအပ်တဲ့ တောင်းဆိုမှုတွေကို အနှောင်အဖွဲ့ကင်းကင်းနှင့် တောင်းဆိုကြစေချင်တယ်။ ဒီလိုစိတ်ဓာတ်တွေ ရှိလာရင်လည်း နိုင်ငံသားအများရဲ့ စိတ်ဓာတ်ကို ခွန်အားပေးချင်တဲ့ စေတနာကြောင့် နိုင်ငံအရေးကို ဆောင်ရွက်တဲ့ နိုင်ငံရေးသမားကောင်းတွေ ဖြစ်လာကြပါတယ်။ ချုပ်ပြောရရင် မြန်မာနိုင်ငံမှာ ဒီနေ့ရောက်ရှိနေတဲ့ ဒီမိုကရေစီအစိုးရတရပ် ဖြစ်လာအောင် လုပ်ခဲ့တာကလည်း ခုနက ပြောခဲ့တဲ့ နိုင်ငံသားတွေအရေးကို မိမိနှင့် ထပ်တူထပ်မျှ ကောင်းစားစေချင်တဲ့ စေတနာ၊ လွတ်မြောက်စေချင်တဲ့ စေတနာတွေ ရှိခဲ့ကြတဲ့ နိုင်ငံရေးသမားကောင်းတွေကြောင့်ပါ။ လက်တွေ့မှာလည်း ဒီလိုလူမျိုးတွေ ဆက်လက်ပြီး ထွန်းကားစေချင်ပါတယ်။ မိမိတို့၏ အကျိုးစီးပွား၊ မိမိတို့၏ ပုဂ္ဂိုလ်ရေး အငြိုးအတေးတွေကို နိုင်ငံရေးဆိုတဲ့ သန့်စင်တဲ့ကိစ္စရပ်ကို လက်တလုံးခြားလုပ်ပြီး မဖြေရှင်းကြစေလိုပါ။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်လို နိုင်ငံရေးသမားတွေဖြစ်တဲ့ ယခုအစိုးရ ဖြစ်နေတဲ့သူတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေပါ နိုင်ငံရေးသိက္ခာများကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
3 years Ago
Up