နိုင်ငံခြားရေးဝန်ကြီး

August 26, 2018

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ရာထူးက နုတ်ထွက်

မကြာသေးခင်ရက်ပိုင်းက သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ် ရားထူးကနေ နုတ်ထွက်သွားခဲ့အပြီး အခု နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ဟာလည်း ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင်ရဲ့ အစိုးရအဖွဲ့စာရင်းကို ကြေညာဖို့ပြင်ဆင်နေစဉ်မှာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ အခုလို ရာထူးကနေ နုတ်ထွက်သွားခဲ့တာလို့ ဘီဘီစီသတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။ ဂျုလီဘစ်ရှော့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်သစ်ရွေးချယ်ရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ ဒါ့အပြင် ဂျူလီဘစ်ရှော့ဟာ ၁၁ နှစ်ကြာ တာဝန်ယူခဲ့တဲ့ လစ်ဘရယ်ပါတီ ဒု-ဥက္ကဋ္ဌ ရာထူးကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကနေ နုတ်ထွက်သွားတဲ့ အသက် ၆၂ နှစ်အရွယ် ဂျူလီဘစ်ရှော့ဟာ ၂ဝ၁၉ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ လက်ရှိအာဏာရယူထားတဲ့ လစ်ဘရယ်နဲ့ နေရှင်နယ် ညွန့်ပေါင်းပါတီတွေဟာ လွှတ်တော်မှာ အမတ်နေရာ တနေရာသာ အသာရနေတာလည်း ဖြစ်ပါတယ်။ လက်ရှိလူထူစစ်တမ်းသဘောထားတွေအရ ပြိုင်ဘက် လေဘာ ပါတီက အသာရနေပြီး ရွေးကောက်ပွဲကို ၂ဝ၁၉ ခုနှစ် မေလ မတိုင်မီ ကျင်းပဖွယ်ရှိတယ်လို့လည်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago

August 25, 2018

နိုင်ငံခြားရေးဝန်ကြီး၏ မြောက်ကိုရီးယားခရီးစဉ်ကို သမ္မတထရမ့် ပယ်ဖျက်

လာမယ့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားကို သွားရောက်ဖို့ စီစဉ်ထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြောက်ကိုရီးယားခရီးစဉ်ကို သမ္မတဒေါ်နယ်ထရမ့်က ပယ်ဖျက်လိုက်ပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ရည်မှန်းချက်အတွက် လုံလောက်တဲ့ တိုးတက်ဖြစ်ထွန်းမှုမျိုးကို ကျနော်တို့ လုပ်ဆောင်နိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဖျက်သိမ်းရတာလို့ သမ္မတဒေါ်နယ်ထရမ့်က သြဂုတ် ၂၄ ရက်နေ့မှာ ပြောကြားပါတယ်။ သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့ Twitter စာမျက်နှာမှာရေးသားထားရာမှာ “လာမည့်သီတင်းပတ်မှာ သွားဖို့ စီစဉ်ထားတဲ့ ပွန်ပယ်ယိုရဲ့ ခရီးစဉ်ဟာ တရုတ်-အမေရိကန် ကုန်သွယ်ရေးအငြင်းပွားမှုကို မဖြေရှင်းနိုင်သေးသရွှေ့ ဖြစ်လာဖွယ်မရှိဘူး။ မြောက်ကိုရီးယားအရေးကိစ္စနဲ့ ပတ်သက်ပြီး တရုတ်က အကူအညီပေးတာမျိုးမရှိတော့ဘူးလို့” ရေးသားထားတာတွေ့ရပါတယ်။ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး အခုလိုပြောဆိုချက်တွေဟာ ဒေါ်နယ်ထရမ့်ရဲ့ လေသံအကြီးအကျယ်ပြောင်းလဲသွားတာကို ညွှန်ပြနေတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဇွန်လက ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ထိပ်သီးဆွေးနွေးပွဲကို အောင်မြင်မှုလို့ ပြောဆိုခဲ့သလို၊ မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှု ပြီးဆုံးသွားပြီလို့ ပြောကြားထားတာဖြစ်ပါတယ်။
5 years Ago
Up