ထိုင်းနိုင်ငံထဲကို အသွင်အမျိုးမျိုးနဲ့ ဝင်ရောက်လာပြီး ရာဇဝတ်မှုကျူးလွန်သူတွေ၊ ဗီဇာသက်တမ်းလွန်နေသူတွေ ၇၅ ဦးကို နာမည်ပျက်စာရင်းသွင်းကာ ပြည်နှင်ဒဏ်ပေးမယ်လို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ၁၉၁ အရေးပေါ်ဌာနရဲ၊ ပြည်သူ့ရေးရာဌာန၊ လ.ဝ.က နဲ့ ထောင်းလော်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံတဝန်းလုံးရှိ ဟိုတယ်၊ တည်းခိုခန်းနဲ့ နိုင်ငံခြားသား အရောက်အပေါက်များတဲ့နေရာ အစရှိသဖြင့် နေရာပေါင်း ၁၁၀ ကို သွားရောက်ပိတ်ဆို့စစ်ဆေးခဲ့ပြီး ဥပဒေနဲ့မညီသူ၊ ရာဇဝတ်မှု ကျူးလွန်သူပေါင်း ၇၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဆူရချိတ်ဆစ်ဟတ်ငန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဆိုပါ နိုင်ငံခြားသား ၇၅ ဦးမှာ ယူဂန္ဓာ၊ ဆူဒန်၊ အိန္ဒိယနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ ဖြစ်ကြပြီး တရားမဝင် ဝင်ရောက်နေထိုင်သူ ၃၈ ဦး၊ နေထိုင်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးသူ ၃၄ ဦး နဲ့ နိုင်ငံခြားသားအလုပ်သမားဥပဒေနဲ့ ငြိစွန်းသူ ၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါဟာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံထဲ ရောက်လာပြီး ငွေစက္ကူအတုလုပ်ခြင်း၊ လက်ထပ်ထိမ်းမြားမှု အတုလုပ်ခြင်း၊ ခရက်ဒစ်ကတ် အတုလုပ်ခြင်း၊ ဗီဇာသက်တမ်းကုန်ခြင်း၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်း စတာတွေကို ကာကွယ်ဖို့ စစ်ဆေးဖမ်းဆီးရတာဖြစ်ပြီး လက်ရှိ ဖမ်းဆီးရမိသူ ၇၅ ဦးကိုတော့ နာမည်ပျက် စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။
Photo : mgronline
5 years Ago