နိုင်ငံရေးအကျဉ်းသား ၁၃၈ ဦး လွှတ်ပေးခဲ့ဟု ပြန်ကြားရေးသတင်းထုတ်

April 9, 2016

နိုင်ငံရေးအကျဉ်းသား ၁၃၈ ဦး လွှတ်ပေးခဲ့ဟု ပြန်ကြားရေးသတင်းထုတ်

ဧပြီ ၈ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၁၃၈ ဦး လွှတ်ပေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပြီး အဲ့ဒီသူတွေဟာ နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူတွေဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်တနေ့မှာပဲ အခုလို ရာနဲ့ချီတဲ့ အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းသက်သာခွင့်ရရှိပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး အတွက်ကိုလည်း လုပ်ထုံးလုပ်နည်းများနဲ့အညီ စိစစ်ဆောင်ရွက်နေပါတယ်။ မကြာခင် ရောက်ရှိတော့မယ့် နှစ်သစ်ကူး အခါသမယမှာ  ပြစ်ဒဏ်မှလွတ်ငြိမ်း ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ အလားတူ အမှုရင်ဆိုင်နေသူတွေနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ (၄၉၄) နဲ့အညီ အမှုရုပ်သိမ်းရေးအတွက် ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ဧပြီ (၈) ရက်နေ့အထိ အမှုစစ်ဆေးရန် တရားရုံးကချိန်းဆိုထားသူများအတွက် အပြီးဆောင်ရွက်နိုင်သော်လည်း အဲ့ဒီနေ့တွင် အမှုစစ်ဆေးရန် ချိန်းဆိုထားခြင်းမရှိသူများအတွက် အချိန် မီဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက်  နှစ်သစ်ကူးရုံးပိတ်ရက်ကုန်ဆုံးပြီးနောက် တရားရုံးများ ဖွင့်လှစ်တဲ့ အချိန်မှာ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက  ကြေညာချက် အမှတ် (၂/၂၀၁၆)ကို ထုတ်ပြန်ထားပါတယ်။
6 years Ago
Up