နိုင်ငံရေးအကျဉ်းသား ဖြစ်လာစေတဲ့ အဓိကအကြောင်းတရားတွေကို ဖြေရှင်းရမှာပါ - ဦးဘိုကြည်

A d v e r t i s e m e n t With Us

April 26, 2016

နိုင်ငံရေးအကျဉ်းသား ဖြစ်လာစေတဲ့ အဓိကအကြောင်းတရားတွေကို ဖြေရှင်းရမှာပါ - ဦးဘိုကြည်

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်နေ့မှာ လက်ရှိ  အစိုးရသစ်က အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား ၈၃ ဦးကို လွှတ်ပေးခဲ့တာဟာ မင်္ဂလာတပါးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဘ၀ ပြန်လည်ပျိုးထောင်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးဘိုကြည်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ နိုင်ငံရေးအကျဉ်းသား ၈၃ ဦး လွှတ်ပေးတဲ့အပေါ်မှာ ကိုဘိုကြည်အနေနဲ့ အမြင်သဘောထားလေး နည်းနည်းပြောပြပေးပါလားခင်ဗျ။ “လွှတ်ပေးတယ်ဆိုတာ ကောင်းပါတယ်။ အထူးသဖြင့် အစိုးရသစ်အနေနဲ့ နှစ်ဆန်းတရက်နေ့မှာ ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုတာက မင်္ဂလာတပါးပါ။” ဟုတ်ကဲ့။ နိုင်ငံရေးအကျဉ်းသား လွှတ်တယ်ဆိုပေမယ့်လည်း အပြင်မှာ အကန့်အသတ်နဲ့ နေရတဲ့ နိုင်ငံရေးအကျဉ်းသား ရှိတယ်လို့ မြင်တယ်ပေါ့နော်။ ဒီသဘောထားလေးကော။ “အခုလွှတ်ပေးတယ်ဆိုတာက ဒီ ၄၀၁/အပိုဒ် ၁ နဲ့ လွှတ်ပေးတယ်လို့ ကျနော်တို့ သိရပါတယ်။ ဆိုတော့ ၄၀၁/အပိုဒ် ၁ ဆိုတာက ပြစ်ဒဏ်ကျပြီးသား အကျဉ်းသားတွေ၊ ဒါမှမဟုတ် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးချင်တဲ့အခါမှာ သမ္မတအနေနဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပြီးတော့ပဲဖြစ်စေ၊ ဒါမှမဟုတ်ရင် ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းသက်သာခွင့်နဲ့ပဲဖြစ်စေ လွှတ်ပေးခွင့်ရှိတယ် ဆိုတာမျိုးကို ကျနော်တို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် သမ္မတက ကြေညာတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးတယ်ဆိုတာမျိုးနဲ့ ပြောပြီးလွှတ်တာ မဟုတ်ဘဲနဲ့ ၄၀၁/အပိုဒ် ၁ အရ လွှတ်တယ်ဆိုပြီး ပြောတဲ့အခါကျတော့ သူတို့ကို ခြွင်းချက်မရှိလား၊ ခြွင်းချက်နဲ့ဆိုတာလားက အားလုံးက မရှင်းမလင်း ဖြစ်စေပါတယ်။ ဆိုတဲ့အတွက် နောက်ပိုင်း လွှတ်တယ်ဆိုရင်တော့ သမ္မတအနေနဲ့ ပြတ်ပြတ်သားသားပေါ့နော်၊ ထင်ထင်ရှားရှားဖြစ်အောင် ကြေညာပြီးတော့ လွှတ်သင့်တယ်။ ၄၀၁/အပိုဒ် ၁ ထဲမှာပဲ ကျနော်တို့ ခြွင်းချက်မရှိဖြင့်လွှတ်တယ်၊ ဒါမှမဟုတ် စည်းကမ်းချက်မထားဘဲ လွှတ်တယ်ဆိုတဲ့ ဟာမျိုးနဲ့ လွှတ်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းပါတယ်။” ဘာကြောင့်ပါလဲခင်ဗျ။ “နောက်ဆိုရင် ဒီလွတ်လာတဲ့သူတွေက သူတို့ကိုယ်တိုင်သူတို့ပေါ့ ခြွင်းချက်နဲ့ လွတ်တာလား၊ ခြွင်းချက်မရှိ လွတ်တာလားဆိုတာ မသိတဲ့အခါကျတော့ ခန္ဓာကိုယ်အရ လွတ်လာပေမယ့် သူတို့ရဲ့စိတ်မှာ အနှောင်အဖွဲ့တွေ သွားပြီးဖြစ်နေမှာ စိုးရိမ်ရပါတယ်။ ဒီလိုဟာမျိုးက အရင်အစိုးရ အဆက်ဆက် လက်ထက်မှာလည်း ဒီလိုပုံစံမျိုးနဲ့ လွှတ်တဲ့အခါကျတော့ ဒီ နိုင်ငံရေးအကျဉ်းသားတွေက ဒီပေါ်မှာ သို့လောသို့လော။ ဒါမှမဟုတ်လည်း လွတ်လပ်ခွင့် အပြည့်မရဘဲနဲ့ ဆိုတဲ့အခါကျတော့ သူတို့ဘ၀ ရှေ့ဆက်လှမ်းဖို့အတွက်မှာ အများကြီး အနှောင့်အယှက် ဖြစ်စေပါတယ်။ ဥပမာ အရင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဆိုရင် ဒီလိုပဲ နောက်ထပ်ပြစ်မှုတခု ဖြစ်တဲ့အချိန်မှာ ထပ်ပြီးတော့ အရင်ပြစ်မှုကြွေးကျန်ကို ပေးရတယ်ဆိုတဲ့ဟာကလည်း နမူနာရှိခဲ့ဖူးတယ်။ အဲ့လို နမူနာရှိခဲ့ပြီးတဲ့ အခါမှာပဲ တခြားအကျဉ်းသားတွေကလည်း ဒါမှမဟုတ်ရင် တခြား လွတ်လာပြီးသား နိုင်ငံရေးအကျဉ်းသားတွေကလည်း သူတို့လည်း ပြစ်မှုတခု ထပ်ဖြစ်ရင် အရင်ပြစ်မှု ကြွေးကျန်ကို ပြန်ဆပ်ရဦးမှာလားဆိုတဲ့ အတွေးမျိုးက ၀င်စေပြီးတော့ သူတို့ကို စားမ၀င်အိပ်မပျော် ဖြစ်စေတာတွေလည်း အများကြီးပါပဲ။ အဲ့ဒီအတွက် သူတို့ရဲ့ အနာဂတ်ကို နှောင်ဖွဲ့တာမျိုး မဖြစ်စေချင်ပါဘူး။ အဲ့ဒီအတွက် ရှင်းရှင်းလင်းလင်း လွှတ်ပေးတာက ပိုပြီး သင့်တော်မယ်လို့ ထင်ပါတယ်။” ဒါကတော့ အခုလက်ရှိ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတယ်ပေါ့နော်။ ဒီ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့အထဲမှာ အခြား ရိုးရိုး ရာဇ၀တ်မှု အကျဉ်းသားကော ပါလားခင်ဗျ။ “ပထမတကြိမ် သင်္ကြန်မတိုင်ခင်က လွှတ်တဲ့အထဲမှာတော့ အစိုးရဘက်က ကြေညာတာ ၁၉၉ ဦး လွှတ်ပေးတယ်လို့ ကြေညာထားပါတယ်။ အဲ့ဒီမှာ ကျနော်တို့ စုံစမ်းလို့ရသလောက်က ၁၁၄ ဦးပဲ စုံစမ်းရပါသေးတယ်။ ဆိုတော့ ကျန်တဲ့သူတွေက ဘယ်လိုလူမျိုးတွေလဲဆိုတာ ကျနော်တို့ မသိရသေးပါဘူး။ ဆိုတော့ အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ပေးရင်တော့ ပိုပြီးတော့ သင့်တော်ပါတယ်။ ဒီ နှစ်ဆန်းတရက်နေ့က လွှတ်တဲ့အထဲမှာလည်း ၈၃ ဦး လွတ်မြောက်တယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါ အစိုးရရဲ့ ကြေညာချက်အရ။ ဒါပေမယ့် ကျနော်တို့ စုံစမ်းရသလောက်က ၆၅ ယောက်ပဲ ရသေးတယ်။ ဆိုတဲ့အခါကျတော့ ကျန်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာ သေသေချာချာ မသိရသေးပါဘူး။ အဲ့လိုသိရဖို့အတွက် ကျနော်တို့ အမျိုးမျိုး ဆက်သွယ်စုံစမ်းပြီး ဆောင်ရွက်တယ်ဆိုပေမယ့် ၈၃ ယောက်လုံးရဲ့ စာရင်းကို ဘယ်သူမှမသိဘူး ဖြစ်နေပါတယ်။ သမ္မတရဲ့ ကြေညာချက်ထဲမှာလည်း ပူးတွဲပါစာရင်း ၈၃ ယောက်ဆိုပြီး ကြေညာထားတာ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီပူးတွဲပါစာရင်းက ဘယ်သူမှမသိရဘူး ဖြစ်နေတာ ရှိပါတယ်။ ဆိုတော့ အခုလိုခေတ်ကြီးမှာတော့ အကျဉ်းသား၊ ဒါမှမဟုတ် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တယ်ဆိုတဲ့ ကိစ္စက နိုင်ငံတော်လျှို့ဝှက်ချက် မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲ့ဒီအတွက် အစိုးရအနေနဲ့ ဒီဟာကို အမြန်ဆုံး ထုတ်ပြန်ကြေညာပေးမယ်ဆိုရင်တော့ ဒီသတင်းတွေ တိကျမှန်ကန်မှု၊ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ အားကိုးမှုတွေက ပိုပြီးတော့ ဖြစ်လာမယ်လို့ ကျနော်တို့ အကြံပေးလိုပါတယ်။” လွှတ်ပေးတဲ့အထဲမှာပေါ့နော် နိုင်ငံရေးလည်းပါသလို ရာဇ၀တ်မှုလည်း ပါတယ်ပေါ့နော်။ ရာဇ၀တ်မှု လွှတ်ပေးလိုက်တဲ့ အကျဉ်းသားရှိသလို၊ နိုင်ငံရေးအကျဉ်းသားလည်း ရှိတယ်ပေါ့နော်။ အဲ့ဒီနှစ်ခု ဘယ်လိုကွာခြားမှု ရှိသလဲခင်ဗျ။ “ကျနော်တို့ အခုစုံစမ်းသိရသလောက်ကတော့ ရာဇ၀တ်မှုပါတယ်လို့ ကျနော်တို့ မသိထားပါဘူး။ ဆိုတော့ ဒီ ရာဇ၀တ်မှုအကျဉ်းသားတွေ ဆိုရင်လည်း တချို့ဟာတွေက ပြန်ပြီးတော့ စိစစ်ဖို့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်မှာ ကျနော်တို့ မျှတတဲ့ တရားစီရင်မှု မရခဲ့ဘူး။ နောက် စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်ညှဉ်းပန်းတာတွေရှိတယ်။ အဲ့လို ညှဉ်းပန်းတာတွေ ရှိတဲ့အခါကျတော့ တရားဥပဒေအရ ကျနော်တို့ ပြန်ပြီးတော့ စိစစ်ရမယ့်ကိစ္စတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ ဒီ အစိုးရတရပ်အနေနဲ့ စဉ်းစားတဲ့အခါမှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကိုတင် စဉ်းစားတာ မဟုတ်ဘဲနဲ့ အကျဉ်းသားအကုန်လုံးကို ပြန်စဉ်းစားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ့် ဥပဒေစိုးမိုးမှု မရှိဘူး၊ လာဘ်ပေးလာဘ်ယူမှု ကြီးထွားနေတဲ့ နိုင်ငံကြီးမှာ ဒီပြည်သူပြည်သားတွေက တချို့ဟာတွေတော့ တကယ့်ကို ရာဇ၀တ်မှု ကျူးလွန်ပြီးတော့ ရောက်တဲ့သူတွေ ရှိနိုင်သလို တချို့ဟာတွေကတော့ ရာဇ၀တ်မှုကျူးလွန်တာ မဟုတ်ဘဲနဲ့ ရောက်တဲ့သူတွေလည်း ရှိနေနိုင်ပါတယ်။ အဲ့ဒီအတွက် အမှုတွေအကုန်လုံးကို ပြန်စဉ်းစားပြီးတော့ ကျန်တဲ့သူတွေ အတွက်လည်း တကယ်ကောင်းတဲ့သူတွေ အထဲမှာရောက်နေတယ်ဆိုရင် နစ်နာနိုင်ပါတယ်။ အဲ့ဒီအတွက် ပြန်ပြီးတော့ စိစစ်သင့်တယ်။ စဉ်းစားပြီးတော့ လွှတ်ပေးသင့်တဲ့သူကို လွှတ်ပေးသင့်တယ်လို့ ကျနော်တို့ မေတ္တာရပ်ခံလိုပါတယ်။” ရာဇ၀တ်မှုသမားကို လွှတ်ပေးလို့ရှိရင် လွတ်လွတ်လပ်လပ်ပေါ့နော်။ အကယ်၍ နိုင်ငံရေးအကျဉ်းသား လွှတ်မယ်ဆိုရင်တော့ ကြွေးကျန်ရှိသလိုပေါ့။ တခုခု လုပ်မှားလို့ရှိရင် ပြန်ဖမ်းဖို့ အချိန်မရွေးပေါ့။ အဲ့လိုမျိုးဆိုလိုချက် ရှိတယ်ပေါ့နော်။ အဲ့ဒီဆိုလိုချက်ကို နည်းနည်းလေး ပြောပြပေးပါခင်ဗျ။ “အဓိကတော့ ၄၀၁/၁ နဲ့ လွှတ်တယ်ဆိုရင် ခြွင်းချက်ဖြစ်စေ၊ စည်းကမ်းချက် ထားပြီးတော့ဖြစ်စေ၊ ဒါမှမဟုတ်ရင် အကျဉ်းသားကိုယ်တိုင်က သဘောတူထားတဲ့ စည်းကမ်းချက်နဲ့ဖြစ်စေ လွှတ်နိုင်တယ်ဆိုပြီးတော့ ရှိပါတယ်။ ဆိုတော့ ဘယ်သူ့ကိုပဲ လွှတ်လွှတ်ပေါ့ စနစ်တကျ သေချာစိစစ်ပြီးတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်မရှိဘူးလို့ ယူဆရတဲ့သူကို လွှတ်ရတာပါ။ ဒီထဲမှာတော့ သေချာတာကတော့ နိုင်ငံရေးအကျဉ်းသား ဆိုတာကတော့ လူ့အဖွဲ့အစည်းကို အန္တရာယ်မပြုတဲ့သူတွေ ဖြစ်ပါတယ်။ ဒီ့အတွက် ခြွင်းချက်မရှိနိုင်အောင် လွှတ်ပေးသင့်တယ်။ ဒီရာဇ၀တ်မှုနဲ့ ပတ်သက်တဲ့သူတွေဆိုရင်လည်း တကယ်ထောင်ထဲမှာ ပြုပြင်ပြောင်းလဲပြီလားပေါ့။ ဒါကို စနစ်တကျ သေချာစိစစ်သင့်ပါတယ်။ သူတို့က ထောင်နေသားကလည်း ၁၀ နှစ်ကျော်မယ်။ ဒါမှမဟုတ်ရင် ထောင်နေသားက ကျတဲ့နှစ်ရဲ့ တ၀က်လောက်ကျော်ပြီဆိုရင် ဒီလူတွေကို ကျနော်တို့က ပြုပြင်ပြောင်းလဲမှုရှိမရှိ၊ ထောင်ကနေ ပြန်ထွက်လာရင် သူတို့က လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးနိုင်တဲ့ အခြေအနေ ရှိမရှိ အဲ့ဒါကို သေချာစိစစ်ပြီးတော့ ကျနော်တို့က လွှတ်ပေးတာမျိုးက စဉ်းစားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျဉ်းထောင်ထဲမှာ လူဦးရေအရမ်းများနေတာ ရှိပါတယ်။ လူဦးရေ အရမ်းများနေတဲ့အတွက် ဒီအကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေ မရဘူး ဖြစ်နေတယ်။ နောက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ၊ လုံလောက်တဲ့ အစားအသောက်တွေ အဲ့ဒါတွေ မရဘူးဖြစ်တဲ့အခါကျတော့ ဒီအကျဉ်းသားတွေအတွက် အရမ်းနစ်နာပါတယ်။ အကျဉ်းသားတွေက ဒီအကျဉ်းထောင်ထဲကို ရောက်တယ်ဆိုတာက အခြေအနေတခုခုကြောင့် ရောက်တာဖြစ်တယ်။ ဒါပေမယ့် သူတို့ အကျဉ်းထောင်ထဲမှာ နေနေရတဲ့အချိန်မှာ သူတို့အတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ၊ လုံလောက်တဲ့ အစားအသောက်တွေ၊ တကယ့် လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံမခံရတဲ့ဟာမျိုးတွေ ရှိတယ်ဆိုရင် ဒါက အမုန်းတရားတွေကို ပိုပြီး ကြီးထွားစေတဲ့ဟာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က အကျဉ်းထောင်မှာ လူဦးရေလျော့ကျအောင် စဉ်းစားဖို့လိုတယ်။ အဲ့လိုလျော့ကျအောင် စဉ်းစားတဲ့အခါမျိုးမှာ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်တခုလုံးကို ပြန်ပြီးတော့ သုံးသပ်ဖို့လိုပါတယ်။ အဲ့လို ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ်ကို သုံးသပ်တဲ့အခါမှာလည်း ကျနော်တို့က ဒီ ရဲဆိုတဲ့ ဥပဒေကို အကာအကွယ်ပေးတဲ့ အဖွဲ့တွေကိုလည်း ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ပပျောက်အောင်၊ ပြီးရင် ဒီနေရာကနေပြီးတော့ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင်၊ အဲ့ဒီကနေတဆင့် ရဲကနေ ဖမ်းတယ်။ ရဲကနေ ဖမ်းပြီးတဲ့အခါမှာ တရားရုံးကို ပို့ပါတယ်။ တရားရုံးကို ပို့တဲ့အခါမှာလည်း တရားသူကြီးတွေကိုယ်တိုင်က တကယ်လွတ်လပ်တဲ့၊ ဘက်မလိုက်တဲ့၊ မျှတတဲ့ တရားသူကြီးတွေ ဖြစ်ဖို့လိုပါတယ်။ အဲ့လို တရားသူကြီးတွေကလည်း လာဘ်ပေးလာဘ်ယူမှုတွေကင်းတဲ့၊ တကယ့်မှန်မှန်ကန်ကန် အမှုတခုကို စဉ်းစားနိုင်စွမ်းရှိတဲ့ တရားသူကြီးတွေ ဖြစ်ဖို့လိုပါတယ်။ အဲ့လို အဆင့်လိုက်အဆင့်လိုက် ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှပဲ မြန်မာနိုင်ငံမှာ ရာဇ၀တ်မှုလျော့ပါးရေး၊ အကျဉ်းထောင်ဆိုတာ ပြုပြင်ပြောင်းလဲရေးနဲ့ ရာဇ၀တ်မှု လျော့ပါးရေးအတွက် ဦးတည်ပြီးတော့ ပြုပြင်ပြောင်းလဲသင့်ပါတယ်။ အခုရှိနေတဲ့ အကျဉ်းထောင်ကတော့ တကယ့်ဖိနှိပ်တဲ့ အကျဉ်းထောင်၊ နောက် အမုန်းတရားတွေကို ပိုပြီးတော့ မွေးဖွားပေးတဲ့ အကျဉ်းထောင် ဖြစ်နေပါတယ်။ ဒါတွေက ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့အလားအလာတွေ မဟုတ်ပါဘူး။” မြန်မာတနိုင်ငံလုံးမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ထိရှိလဲ။ ဘယ်နှစ်ယောက်လောက် ရှိသေးလဲပေါ့နော်။ ပြီးတော့ အမိန့်မချသေးတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ရှိလဲ၊ နည်းနည်းလောက် ပြောပြပေးပါခင်ဗျ။ “အခု ကျနော်တို့သိထားတဲ့ စာရင်းအရပေါ့။ ပြစ်ဒဏ်ကျပြီးသား နိုင်ငံရေးအကျဉ်းသားက ၆၀ လောက်ရှိပါတယ်။ အဲ့လိုပဲ အမှုရင်ဆိုင်နေတာက ၁၀၀ ကျော်၊ ၂၀၀ ပတ်ဝန်းကျင်လောက် ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ တချို့စာရင်းတွေကတော့ ကျနော်တို့ ပြန်ပြီးတော့ စိစစ်ရမယ့်ဟာတွေ ရှိပါတယ်။ အဲ့လိုစိစစ်ဖို့အတွက်ကလည်း ကျနော်တို့ အစိုးရကနေ လွှတ်ပေးတဲ့ စာရင်းတွေကို စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် ထုတ်ပြန်ကြေညာတယ်ဆိုရင်တော့ ကျနော်တို့ရှိထားတဲ့ စာရင်းတွေနဲ့ ပိုပြီးတော့ တိုက်ဆိုင်စစ်ဆေးလို့ လွယ်ကူမှာပါ။ အခုတော့ အဲ့ဒီအခက်အခဲလေး နည်းနည်းရှိနေတော့ ကျနော်တို့ဘက်ကလည်း ဒီစာရင်းတွေကို ပြန်ပြီးတော့ သေချာစေဖို့အတွက် အချိန်နည်းနည်းတော့ လိုမယ်ထင်ပါတယ်။” ပြီးခဲ့တဲ့ သမ္မတသက်တမ်းကလည်း ၅ နှစ်ပေါ့နော်။ အဲ့ဒီ ၅ နှစ်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသား ခဏခဏလွတ်တယ်။ အခုလက်ရှိ နိုင်ငံရေးအကျဉ်းသားလည်း လွတ်နေတယ်။ လွတ်ခြင်းအားဖြင့် ဘာဖြစ်လို့ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ရှိနေသေးလဲခင်ဗျ။ “နိုင်ငံရေးအကျဉ်းသားဆိုတာက အရေအတွက်ပြဿနာ မဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား ဖြစ်လာစေတဲ့ အဓိကအကြောင်းတရားတွေကို ဖြေရှင်းရမှာပါ။ အဲ့ဒီ အကြောင်းတရားထဲမှာ ပြည်တွင်းစစ်ဆိုတာလည်း တခုပါပါတယ်။ ပြည်တွင်းစစ်က နှိပ်စက်ညှဉ်းပန်းမှုတွေကို ဖြစ်စေတယ်။ မတရားသဖြင့် ဖမ်းဆီးခံရတာတွေကို ဖြစ်စေတယ်။ အဲ့လိုပဲ ဥပဒေမဲ့ သတ်ဖြတ်တာတွေကိုလည်း ဖြစ်စေပါတယ်။ အဲလိုဖြစ်စေတဲ့ အကြောင်းတရားတွေကို မဖြေရှင်းဘဲနဲ့ နိုင်ငံရေးအကျဉ်းသား ပြဿနာဆိုတာ ပြီးဆုံးမှာ မဟုတ်ပါဘူး။ အဲ့လိုပဲ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ဖြစ်လာစေတဲ့ အကြောင်းထဲမှာတော့ လယ်ယာမြေပြဿနာပေါ့။ လယ်ယာမြေတွေ အသိမ်းခံထားရတာတွေ ရှိပါတယ်။ အဲ့လို အသိမ်းခံထားရတဲ့အတွက် လယ်သမားတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ သူတို့ရဲ့ ရပိုင်ခွင့်တွေ ပြန်ရဖို့အတွက် တိုက်ပွဲဝင်ရတာတွေ ရှိပါတယ်။ အဲ့လို တိုက်ပွဲဝင်ပြီးတော့ အဖမ်းခံရတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်လာဦးမှာပါ။ အထူးသဖြင့် အဲ့လိုပဲ အလုပ်သမားတွေ၊ ကျောင်းသားတွေ သူတို့တွေရဲ့ အခွင့်အရေးတွေကို သူတို့ရအောင် တောင်းနေကြဦးမှာပါ။ အဲ့လိုတောင်းတဲ့ အခါမျိုးမှာလည်း တကယ့်စေ့စပ်ဆွေးနွေးတာမျိုးနဲ့ မဖြေရှင်းဘဲနဲ့ အခုလိုမျိုးပဲ ဖမ်းမယ်၊ ထောင်ချမယ်ဆိုရင် ဒါတွေကလည်း နိုင်ငံရေးအကျဉ်းသား ဖြစ်လာစရာ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ တရားဥပဒေစိုးမိုးရေး ရှိဖို့လိုအပ်တယ်။ နောက်တခုက နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေ အပြည့်အ၀ ကျင့်သုံးနိုင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီအခြေအနေ မရှိဘူးဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား ပြဿနာက ပြီးဆုံးမှာ မဟုတ်ပါဘူး။” မပြီးဆုံးဘူးဆိုတော့ ပြီးဆုံးအောင် ဘယ်လိုလုပ်သင့်လဲ။ “ပြီးဆုံးအောင်ဆိုရင်တော့ ကျနော်တို့ တကယ်လိုအပ်တဲ့ ဥပဒေတွေ၊ ဖယ်ရှားသင့်တဲ့ ဥပဒေတွေကို ဖယ်ရှားရပါမယ်။ အဲ့လိုပဲ အသစ်ထပ်ဆွဲသင့်တဲ့ ဥပဒေကို ထပ်ဆွဲရပါမယ်။ အဲ့လိုပဲ လက်နက်ကိုင်အဖွဲ့တွေ အကုန်လုံးက ဥပဒေအောက်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက ဥပဒေအောက်မှာ ရှိမနေဘူးဆိုရင် သူတို့က ဥပဒေကတခု၊ သူတို့က လုပ်ချင်တာ လုပ်နေတာကတခု ဆိုရင်တော့ ကျနော်တို့ ဒီပြဿနာက မုန့်လုံးစက္ကူကပ် ဖြစ်နေဦးမယ်။ နောက်တခုက ရာဇ၀တ်မှု ကျူးလွန်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုရင် ကျောသားရင်သား ခွဲခြားလို့မရပါဘူး။ စစ်သားက ကျူးလွန်ရင်လည်း အရေးယူရပါမယ်။ ရဲကကျူးလွန်ရင်လည်း အရေးယူရပါမယ်။ အာဏာပိုင်တွေက ကျူးလွန်ရင်လည်း အရေးယူရပါမယ်။ အခုတော့ ကျနော်တို့ ခေတ်အဆက်ဆက်မှာက ဒီလိုမျိုး စစ်သားက ကျူးလွန်တယ်ဆိုရင် အရေးယူမှု နည်းပါးတာတွေ၊ လျော့ပါးတာတွေ၊ ထိထိရောက်ရောက် အရေးမယူတာတွေ ရှိနေပါတယ်။ ဒါက နှိပ်စက်ညှဉ်းပန်းမှု ကျူးလွန်အောင်၊ လူ့အခွင့်အရေးတွေ ကျူးလွန်အောင် လိုင်စင်ပေးထားသလို ဖြစ်နေပါတယ်။ ဒါတွေကို ရပ်တန်းကရပ်အောင် လုပ်ရပါမယ်။ အဲ့လို ရပ်တန်းကရပ်အောင် လုပ်ဖို့ဆိုရင် ဥပမာ နိုင်ငံတကာ စာချုပ်စာတမ်းတွေကို လက်မှတ်ထိုးရမယ့် ကိစ္စတွေလည်း ရှိပါတယ်။ ဥပမာ ကုလသမဂ္ဂမှာ ဒီ နိုင်ငံတကာ နှိပ်စက်ညှဉ်းပန်းမှုကို ဆန့်ကျင်တာကို ကာကွယ်မယ်ဆိုတဲ့ သဘောတူစာချုပ်မျိုးတွေ၊ အဲ့လိုစာချုပ်မျိုးကိုလည်း အစိုးရက လက်မှတ်ထိုးဖို့ လိုအပ်ပါတယ် ။အဲ့လိုပဲ ပါလီမန်ကနေလည်း နိုင်ငံသားနဲ့၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစာချုပ်တွေကို လက်မှတ်ထိုးဖို့အတွက် ဥပဒေတွေ ချမှတ်ပေးရမယ်။ အဲ့လိုပဲ အစိုးရကို တိုက်တွန်းရမှာတွေ ရှိပါတယ်။ အစိုးရကလည်း အဲ့ဒါကို လိုက်လံ အကောင်အထည်ဖော်ရပါမယ်။ အဲ့လို အကောင်ထည်ဖော်တဲ့အခါကျမှပဲ ကျနော်တို့က မြန်မာနိုင်ငံထဲမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ပပျောက်မယ်။ မတရားသဖြင့် ဖမ်းဆီးခံရမှုတွေ ပပျောက်မယ်။ အဲ့လိုပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နည်းပါးလာမယ်။ အဲ့လိုအချိန်မျိုးမှာမှ ကျနော်တို့ လူတဦးချင်းက လုံခြုံတဲ့၊ လွတ်လပ်တဲ့ အခြေအနေကို ရောက်မှာပါ။ အဲ့လို အခြေအနေ ရောက်တယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။” တသုတ်ပြီးတသုတ်တော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီပေါ့နော်။ ဒီ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားထဲမှာ သူတို့ဘ၀အတွက်၊ ပြန်လည်ပြုစုပျိုးထောင်ရေးအတွက်၊ သူတို့ဘ၀ ဖူလုံရေးအတွက်ပေါ့နော် အေအေပီပီအနေနဲ့ ဘာတွေဆောင်ရွက်ပေးနိုင်လဲပေါ့။ “ကျနော်တို့က တတ်နိုင်သမျှတော့ ကူညီဆောင်ရွက်နေတာတော့ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးကို လက်လှမ်းမီဖို့ဆိုတာတော့ မလွယ်ပါဘူး။ အကုန်လုံးကို လက်လှမ်းမီဖို့ဆိုရင် အခုက ဒီ လွှတ်တော်ရှိပါတယ်။ လွှတ်တော်ကနေပြီးတော့ ဒီ နစ်နာသူများအတွက် ဘယ်လိုဥပဒေမျိုးတွေ ပြဋ္ဌာန်းမလဲပေါ့။ တခြားနိုင်ငံတွေမှာဆိုရင်တော့ ဥပမာ နစ်နာသူများအတွက် ပြန်လည်ကုစားပေးရေးပေါ့။ ဒီလို ဥပဒေတွေကို ထုတ်ပြန်ကြေညာတာတွေ ရှိပါတယ်။ လွှတ်တော်ကနေပြီးတော့။ အဲဒီလွှတ်တော်ကနေပြီးတော့ ဥပဒေကို သတ်မှတ်ပေးပြီးတဲ့ အခါကျတော့မှ အစိုးရကနေပြီးတော့ ဒီဥပဒေအတိုင်းကို လိုက်လံ အကောင်အထည်ဖော်ရတာ ရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံကတော့ ဒီကိစ္စကို လွှတ်တော်ကနေပြီးတော့ စဉ်းစားပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။” ဘာကြောင့်ပါလဲ။ “ဒါက တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့လိုအပ်သလို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။ အဲ့လိုမျိုး တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ပြီဆိုတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက်ပဲ လုပ်တာမဟုတ်ဘဲ တကယ် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နှိပ်စက်ညှဉ်းပန်းခံရတဲ့သူတွေ ဒုနဲ့ဒေးရှိပါတယ်။ အဲ့ဒီသူတွေအတွက်ပါ ထည့်သွင်းစဉ်းစားပြီးတော့ နှိပ်စက်ညှဉ်းပန်းခံရသူများအတွက် ပြန်လည်ပြုစုပျိုးထောင်ရေးဆိုတဲ့ ဥပဒေမျိုးကို ကျနော်တို့ ချမှတ်သင့်တယ်။ အဲ့လိုချမှတ်ပြီးတော့ ကုစားပေးရေး အစီအစဉ်တွေ လုပ်တဲ့အခါကျတော့မှပဲ တကယ်ခံခဲ့ရတဲ့သူတွေကလည်း ငါတို့အတွက် အစိုးရကနေ ပြန်ပြီးလုပ်ပေးပါလားပေါ့။ ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ၊ အသိမျိုးတွေ ၀င်လာမယ်။ ၀င်လာပြီးတဲ့အခါကျ ဒီအစိုးရနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်တဲ့ ဟာမျိုးတွေ ဖြစ်လာမယ်။ အဲ့လိုဖြစ်လာတော့မှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကို အထောက်အကူဖြစ်မယ့်ဟာတွေ ဖြစ်ပါတယ်။ ဒီဟာက နစ်နာကြေးကို ပြန်ပြီးတော့ ပေးလျော်တယ် ဆိုတာနဲ့စာရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုတဲ့အနေနဲ့ လုပ်သင့်တဲ့ အလုပ်မျိုး၊ ချမှတ်သင့်တဲ့ ဥပဒေမျိုးလို့ ကျနော်တို့မြင်ပါတယ်။” တွေ့ဆုံမေးမြန်းသူ - စောဖိုးစီ
5 years Ago
Up