နိုင်ငံရေးအကျဉ်းသားများ

May 2, 2018

နိုင်ငံရေးအကျဉ်းသားများကို ထောင်တွင်းနှိပ်စက်ရန် ခိုင်းစေခဲ့ခြင်းမရှိဟု ဦးခင်ညွန့် ငြင်းဆို (ရုပ်သံ)

ပြီးခဲ့တဲ့ န၀တ၊ နအဖစစ်အစိုးရလက်ထက်တွေတုန်းက မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်ဖို့  ခိုင်းစေခဲ့ခြင်းမရှိဘူးလို့ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးခင်ညွန့်က ပြောပါတယ်။ သာယာဝတီထောင်ထဲမှာ  စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား တွေအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အကြောင်းရိုက်ကူးထားတဲ့  ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းမှာ ဦးခင်ညွန့်က ခုလို ပြောဆိုလိုက်တာပါ။ “ထောင်က ဒီမယ် တို့ခိုင်းတာ မဟုတ်ဘူးကွ။ ထောင်က ထောင် Manual (အကျဉ်းထောင်လက်စွဲ) ဆိုတာ ရှိတယ်။ ထောင် Manual အတိုင်း သူတို့လုပ်နေတာပဲကွ။ ငါတို့ ခိုင်းတာ မဟုတ်ဘူး။ ထောင်အကျဉ်းကျလာရင် ထောင်အကျဉ်းထဲမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုနှိပ်စက်ရမယ်၊ ဘယ်လိုညှဉ်းပန်းရမယ် ဆိုတာ မရှိဘူး။ ဘယ်လို နှိပ်စက်ပါ၊ ဘယ်လိုခိုင်းပါ၊ ဘယ်လိုလုပ်ပါဆိုတာ ဘယ်တော့မှ မပြောဘူးကွ။ ငါတို့ခေါင်းဆောင်ဆိုတာ အဲဒီလိုဟာမျိုး အဲလိုစိတ်ဓာတ်မျိုး မရှိဘူးကွ။ မရှိဘူး။” သာယာဝတီထောင်အတွင်းထဲက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့ချိန်က ဦးခင်ညွန့်ဟာ  စစ်ထောက်လှမ်းရေးခေါင်းဆောင်နဲ့ စစ်အစိုးရရဲ့ အတွင်းရေးမှူး (၁) တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် စစ်အာဏာရှင်ခေတ်ကာလတွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သာယာဝတီထောင်အတွင်းထဲက နိုင်ငံရေးအကျဉ်းသားတွေအပေါ် အလုပ်ခိုင်းစေဖို့အတွက် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖြစ်စဉ် ရုပ်သံမှတ်တမ်းပြပွဲကို ဧပြီ ၂၉ ရက်နေ့က ဉာဏ်လင်းသစ် ရည်ညွှန်းစာကြည့်တိုက်မှာ မိတ်ဆက် ပြသခဲ့ပါတယ်။ ဒီရုပ်သံမှတ်တမ်းဟာ  မြန်မာနိုင်ငံမှာ ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်ဆိုတာကို ပြည်သူတွေနဲ့ သက်ဆိုင်သူတွေ သိစေချင်လို့ ရိုက်ကူးပြသရတာ ဖြစ်တယ်လို့  စီစဉ်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဉာဏ်ကြီးက ပြောပါတယ်။ “ကျနော်တို့ကတော့ ဒီဟာကြီးကို ဘယ်သူက နစ်နာစေချင်တယ်၊ ဘယ်သူက ဒုက္ခရောက်စေချင်တယ်၊ ဘယ်သူက မှန်ပါတယ် ဆိုတာကို မီဒီယာသမားတွေနဲ့ ချပြတာ မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်၊ ထောင်ထဲတွေမှာ တကယ်ဖြစ်ခဲ့တဲ့၊ တကယ်ဆိုးသွမ်းတဲ့အချိန်နဲ့ ကြုံခဲ့ရတယ် ဆိုတာကို ပြည်သူလူထုနဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော်တွေ၊ တချိန်တုန်းက လုပ်ခဲ့တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို သိစေချင်တဲ့ဆန္ဒနဲ့ ကျနော်တို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။” ၁၉၈၉ ခုနှစ်က သာယာဝတီထောင်မှာ Anti Labor လှုပ်ရှားမှုကို ကိုင်တွယ်ခဲ့ဖူးတဲ့ အငြိမ်းစားထောင်မှူးကြီး ဦးမြင့်သန်းကတော့  အကျဉ်းဦးစီးဌာနမှာ ရာထူးအာဏာရဖို့ဆိုရင် အဲဒီအချိန်က အထက်အရာရှိတွေရဲ့ အမိန့်အတိုင်း လက်မရွံ့ ကိုင်တွယ်ထိန်းသိမ်းရတာ ဖြစ်တယ်လို့ အဲဒီရုပ်သံမှတ်တမ်းထဲမှာ ရင်ဖွင့်ဝန်ခံသွားပါတယ်။ “အဘတို့ အကျဉ်းဦးစီးဌာနကို ဝင်လိုက်တယ်ဆိုတာက အကျဉ်းထောင်တာဝန်ကို ထူးထူးခြားခြား ထူးထူးချွန်ချွန် ထမ်းဆောင်ပြီးတော့ ပြောင်ပြောင်မြောက်မြောက် ရာထူးတွေတက်ပြီးတော့ ကိုယ့်ဘဝ အေးအေးချမ်းချမ်း နေချင်တဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေကို။ အဲဒီခေတ်စနစ်မှာ အဲဒီနည်းနဲ့ အကျဉ်းထောင်မှာ ပြောင်မြောက်ရတာ။ အကျဉ်းထောင်မှာ ထူးချွန်ရတယ်ဆိုတာ အဲဒီနည်းနဲ့ပဲ ထူးချွန်ရတာ။ စစ်အုပ်ချုပ်ရေးအာဏာ ရှိနေသရွေ့တော့ ဒီအုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ ပြောင်မြောက်မှုဆိုတာ နှိပ်စက်ညှဉ်းပန်းမှုပဲ။ သာယာဝတီထောင်တို့၊ မော်လမြိုင်ထောင်တို့ ဆိုတာ အဲဒီလို အရေးအခင်းမျိုးတွေကို နှိမ်နင်းဖို့၊ ဖြေရှင်းဖို့ စပါယ်ရှယ် တည်ဆောက်ထားတဲ့ ထောင်တွေ။ စပါယ်ရှယ် ဖွဲ့စည်းထားတဲ့ ဝန်ထမ်းတွေ။” အခုအချိန်ထိ တချို့ရဲစခန်းတွေ၊ ရဲဘက်တွေမှာလည်း ညှဉ်ပန်းနှိပ်စက်နေတာမျိုးတွေ ရှိနေသေးတာကြောင့် အဲဒီတုန်းက ညှဉ်းပန်းနှိပ်စက်ခဲ့တာမျိုးတွေနဲ့ အခုအချိန်မှာ ဆက်မဖြစ်တော့ဖို့ တာဝန်ရှိတဲ့ အစိုးရအဖွဲ့နဲ့ ပြည်ထဲရေးအဖွဲ့တို့ဟာ ဂရုစိုက်ပြီး ထိန်းသိမ်းပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
4 years Ago

April 19, 2017

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး  အပြာရောင်အင်္ကျီဝတ်လှုပ်ရှားမှု ပြုလုပ်မည်

နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်နဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ရည်ရွယ်ပြီး အပြာရောင်အင်္ကျီ ဝတ်ဆင်တဲ့ လှုပ်ရှားမှုပြုလုပ်မယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကပြောပါတယ်။ လက်ရှိ နိုင်ငံရေးနဲ့ဆက်နွှယ် ပတ်သက်ပြီး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဦးရေ ၁၇၈ ယောက်ခန့် ရှိနေသေးပြီး အဲဒီထဲက တချို့ကတော့ သူတို့ရဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုရင်း အဖမ်းခံနေရသူတွေ ဖြစ်ပါတယ်။ တချို့ကတော့ အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေကို ဝေဖန်တဲ့အတွက်ကြောင့် ဖမ်းဆီးခံရသူတွေဖြစ်ပြီး တချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်ကြပါတယ်။ လက်ရှိမှာ နိုင်ငံတော်တော်များများက ခေါင်းဆောင်တွေနဲ့ လူအများက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်သွားပြီ၊ မရှိတော့ဘူးလို့ ထင်နေကြတာကြောင့် အစိုးရကို ဖိအားပေးမှုတွေလည်း မရှိတော့သလောက် ဖြစ်နေတယ် အဲဒီစဉ်းစားမှုတွေကို ပြောင်းလဲနိုင်ဖို့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ် ဆိုတာ ပြသနိုင်ဖို့ အပြာရောင်အင်္ကျီ ဝတ်ဆင်တဲ့ ကမ်ပိန်းတခုကို ပြုလုပ်ကြမယ်လို့ အေအေပီပီက ဆိုပါတယ်။ အရင်က အင်္ကျီအပြာရောင်ကို သေဆုံးသွားချိန်အထိ ဝတ်ဆင်သွားခဲ့သူ ဟံသာဝတီဦးဝင်းတင်ဟာလည်း စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရတဲ့ အပြင် သူဟာ ထောင်က လွတ်မြောက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင်ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံကို တောက်လျှောက် ဝတ်ဆင်သွားခဲ့ပါတယ်။ လာမယ့် ဧပြီ ၂၁ ရက်ဆိုရင် သူကွယ်လွန်ခဲ့တာ ၃ နှစ်ပြည့်တာကြောင့် အဲဒီနေ့မှာ အပြာရောင်အင်္ကျီ ဝတ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုကြဖို့ အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။ “ကျနော်တို့နဲ့ ပူးပေါင်းပေးကြပါ။ အခုကတည်းက သူငယ်ချင်းမိတ်ဆွေများရဲ့ ဒိုင်ယာရီထဲမှာ ဧပြီလ ၂၁ ရက်ကို အပြာရောင်အင်္ကျီ ဝတ်ဆင်ဖို့ မှတ်သားထားပေးကြပါ။ အခြားသော သူငယ်ချင်းများကို ခင်ဗျားလို လိုက်ဝတ်ပေးဖို့ ပြောဆိုပေးပါ။ ပြီးတော့ အဲဒီအပြာရောင် ဝတ်ဆင်ထားတာလေးကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်နဲ့ အခြား ဆိုရှယ်မီဒီယာတွေမှာ တင်ပေးဖို့ လိုတယ်။” ဒါ့အပြင် blueshirt4burma ဝက်ဆိုဒ်လင့်ကိုလည်း အသုံးပြုကြဖို့ နဲ့ အားလုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းဆော်သြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မေ့လျော့နေတာ၊ နိုင်ငံရေးအကျဉ်းသားတွေ  မြန်မာပြည် အကျဉ်းထောင်တွေမှာ ရှိနေသေးတာဟာ  မဖြစ်သင့်တဲ့အကြောင်းလည်း အေအေပီပီ တာဝန်ရှိသူက ပြောပါတယ်။
5 years Ago
More News
Up