နိုင်ငံရေးအကျဉ်းသား

July 27, 2019

နိုင်ငံရေးအကျဉ်းသား မရှိသင့်တော့ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများပြော

နိုင်ငံရေးအကျဉ်းသားတွေရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ မဖြစ်နိုင်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားဟာ မရှိသင့်တော့ဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ပြောပါတယ်။ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ ပါတီဝင်တွေ၊ 5J Club နိုင်ငံရေးအကျဉ်းသားဟောင်း သူငယ်ချင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မျိုးဆက်သစ်အင်အားစုအဖွဲ့ (မုံရွာ) တို့ စုပေါင်းကာ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တွေကို ပထမဆုံးအကြိမ်အဖြစ် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို မုံရွာမြို့ အုတ်ကန်တောရစာသင်တိုက်မှာ ဇူလိုင် ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ဒီမိုကရေစီနိုင်ငံအတွက် နိုင်ငံရေးအကျဉ်းသား မရှိသင့်တော့တဲ့ အကြောင်းကို 5J Club အဖွဲ့ဝင်တဦးက ပြောဆိုခဲ့တာပါ။ လက်ရှိအစိုးရလက်ထက်မှာ အစိုးရရဲ့ အုပ်ချုပ်မှု အခန်းကဏ္ဍ၊ ဥပဒေပြုရေး စသဖြင့် စည်းလုံးမှုမရှိဘဲ ကွဲနေတာကြောင့် ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလအပေါ် အခြေခံပြီး စိုးရိမ်မှုရှိတယ်လို့လည်း 5J Club နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ဝင်က ပြောပါတယ်။ "နိုင်ငံရေးအကျဉ်းသားတွေရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်က ပေါ်လာမှာ မဟုတ်ပါဘူး။ နောက် ဒီအစိုးရရဲ့ တကယ်သွားနေတဲ့ လမ်းကြောင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို အခြေခံပြီးသွားနေတာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ တကယ့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးပြည့်ဝတဲ့ နိုင်ငံတည်ဆောက်နိုင်ရေးမှာ နိုင်ငံရေးအကျဉ်းသားဆိုတာက တကယ်ကို မရှိသင့်တော့တဲ့ ကိစ္စဖြစ်ပါတယ်။ အစိုးရရဲ့ အုပ်ချုပ်မှု အခန်းကဏ္ဍတွေမှာ ကွဲနေတဲ့ ပြည်သူ့လွှတ်တော်ပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ ဥပဒေပြုရေးပိုင်းဆိုတဲ့ အပိုင်းတွေမှာ စည်းစည်းလုံးလုံးမရှိဖြစ်နေတဲ့အပေါ်မှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအနေနဲ့ စိုးရိမ်ပါတယ်" လို့ 5J Club နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ဝင် ကိုသားကြီးက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်နေတဲ့ အဖွဲ့အစည်းတွေရှိပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် အစိုးရကနေ ကူညီဖို့ လိုအပ်နေတယ်လို့လည်း မုံရွာမြို့ခံ နိုင်ငံရေးအကျဉ်းသူတဦးက ပြောပါတယ်။ "လူသားတွေအတူတူမှာ နိုင်ငံရေးအကျဉ်းသားတွေက အခွင့်ထူးခံလားဆိုတဲ့ စကားတွေလည်း ရှိပါသေးတယ်။ အဲလိုတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျမတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပညာရေး စီးပွားရေး အကုန်လုံး နစ်နာခဲ့တဲ့ လူတွေရဲ့ ချို့ယွင်းချက် အားနည်းချက်လေးတွေကို ဆေးရုံကြီးမှာ အခမဲ့ ကုသခွင့်လေးသော်လည်းကောင်း ဒါမှမဟုတ် အနည်းငယ်သော ကုသခွင့်လေးကိုသော်လည်းကောင်း အစိုးရပိုင်းက မေတ္တာပိုင်းလေးနဲ့ ကူညီဖြည့်ဆည်းမယ်ဆိုရင်တော့ ကျမတို့က ကျေးဇူးတင်ပါတယ်” လို့ မုံရွာမြို့ခံ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်သီတာဝင်းက ပြောပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိပြီး အချုပ်ကျနေသူ၊ တရားရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိနေတယ်လို့ AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။
2 years Ago

July 26, 2019

စစ်ကိုင်းတိုင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူ  

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်မှာ ဒီနေ့မနက်က စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ ပါတီဝင်တွေ၊ 5J Club နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မျိုးဆက်သစ် အင်အားစုအဖွဲ့(မုံရွာ)တို့ စုပေါင်းကာ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တွေကို ပထမဆုံးအကြိမ် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ကြပါတယ်။ 5J Club အဖွဲ့ဝင် ကိုသားကြီးက "5J Club အနေနဲ့တော့ ရန်ကုန်မှာ ၃ ကြိမ်၊ မန္တလေးမှာ ၂ ကြိမ်နှင့် အခု မုံရွာမှာ ပထမဆုံးအကြိမ်ပြုလုပ်တာပါ။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေက ထောင်က လွတ်လာပြီးနောက်ပိုင်းမှာ နေရာအနှံ့အပြားကွဲသွားကြတယ်။ 5J Club ရဲ့ အဓိက လုပ်ငန်းစဉ်ကိုက ကျန်းမာရေးမကောင်းတဲ့သူတွေကို ကျန်းမာရေး ကူညီစောင့်ရှောက်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်နေပါတယ်။ လူပုဂ္ဂိုလ်တွေက အကြောင်းအမျိုးမျိုးနဲ့ ပြန်ဆုံဆည်းကြပေမယ့် သံဃာတော်တွေကတော့တွေ့ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း ဒီလိုလုပ်ရတာ” လို့ ပြောပါတယ်။ ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းနှင့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အန်အယ်လ်ဒီ ပါတီဗဟိုမှ မုံရွာအောင်ရှင်နှင့် အန်အယ်လ်ဒီ ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်သီတာဝင်းက“ကျမတို့တွေဟာ တိုင်းပြည်ရဲ့ အခက်အခဲတခုကို အတူတူကျော်လွှားခဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက် ရင်ထဲမှာ အမြဲတမ်းရှိပါတယ်။ အဲဒီရည်ရွယ်ချက်ကို ဆက်လက် အကောင်အထည်ဖော်စေလိုတဲ့ ဆန္ဒကတော့ မူလအနှစ်ချုပ် ရည်ရွယ်ချက်ပါပဲ။ အာဏာရှင်စနစ်ကို အတူတူတိုက်ဖျက်ခဲ့သူတွေ တစုတစည်းထဲ ပြန်စုကြမယ်။ ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး ပြောကြမယ်။ အတိတ်အကြောင်းတွေပြောကြ။ အနာဂတ် အတွက်ပုံဖော်ကြ။ အဲလိုပဲ အာဏာရှင်စနစ်ဘယ်တော့မှ ပြန်မလာရေးအတွက် ဒီလူတွေဟာ အမြဲလက်တွဲနေမယ်ဆိုတဲ့ သရုပ်က အဓိကပါ” လို့ ပြောပါတယ်။ ဒီအခမ်းအနားမှာ အုတ်ကန်တောရဆရာတော်ကြီးအမှုးပြုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူတာအပြင် ခေတ်အဆက်ဆက် အာဏာရှင် စနစ်တိုက်ဖျက်ရေးမှာ အသက်သွေးချွေးစတေးခဲ့ရတဲ့ သူတွေအတွက်လည်း အမျှအတန်း ပေးဝေခဲ့ကြကာ ဆရာတော်သံဃာတော်တွေထံက သြဝါဒတွေကိုလည်းခံယူခဲ့ကြပါသေးတယ်။ နောက်နှစ်တွေမှာလည်း အခုလိုပဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
2 years Ago
More News
Up