နိုင်ငံရေးပါတီများကို မည်သည့်ပုံ တည်ဆောက်ကြမည်နည်း

January 4, 2017

နိုင်ငံရေးပါတီများကို မည်သည့်ပုံ တည်ဆောက်ကြမည်နည်း

၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ဆိုဗီယက်ယူနီယံတွင် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးတော့မည်ဆိုသည့်အခါ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ပြုလိုက်ရာ ပါတီပေါင်း ၁၀၀ ကျော်ပင်ဖွဲ့ခဲ့ကြသည်။ ၎င်းတို့အထဲတွင် ရုရှားအမျိုးသမီးများအတွက် ပြည်သူ့ပါတီ၊ ရုရှားပင်စင်စားများပါတီ စသည်တို့ ပါဝင်သကဲ့သို့ ဘီယာချစ်သူများပါတီ (Beer Lovers Party)၊ သက်ဦးဆံပိုင်ဘုရင်စနစ် လိုလားသူများပါတီ (Monarchist Party) နှင့် အားလုံးကို ဆန့်ကျင်ကြ (Against all) ဟု အမည်တပ်ထားသည့် ပါတီများပင် ပါဝင်သည်ကို တွေ့ရလေသည်။ ယခုအခါ ဒူးမားလွှတ်တော်အတွင်း အမတ်နေရာရထားသည့် ပါတီများမှာ ယူနိုက်တက်     ရုရှား (၃၄၃ နေရာ)၊ ရပ်ရှင်းဖက်ဒရေးရှင်း ကွန်မြူနစ်ပါတီ (၄၂ နေရာ)၊ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (၃၉ နေရာ) ၊ (A Just Russia) အေ ဂျပ်စ် ရပ်ရှား ပါတီ (၂၃ နေရာ)၊ ရိုဒီနာ (၁ နေရာ) နဲ့ စီးဗစ်ပလက်ဖောင်း Civic Platform (၁ နေရာ) ပါတီဆိုပြီး (၆) ပါတီသာ ရှိပါသည်။ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ အားလုံးပေါင်းမှာ ယခုအခါ ၃၉ ပါတီသာ ကျန်ပါတော့သည်။ ထို့အတူ ကျနော်တို့ မြန်မာနိုင်ငံတွင်လည်း ၁၉၉၀ ခုနှစ်က ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်သည့်အခါ နိုင်ငံရေးပါတီ စုစုပေါင်း ၉၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၇၃ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်နေရာရရှိခဲ့သည့် ပါတီပေါင်းမှာ ၂၁ ပါတီသာရှိပြီး၊ ယခုနောက်ဆုံး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရ မှတ်ပုံတင်ထားသည့် ပါတီပေါင်းမှာ ၉၁ ပါတီ ရှိသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီတခု တည်ထောင်ရန် လွယ်ကူလေသည်။ အဖွဲ့ဝင် ၁၀၀၀ နှင့် အလုပ်အမှုဆောင်ကော်မတီ ၁၅ ဦးရှိရန် လိုအပ်ပြီး အနည်းဆုံးမဲဆန္ဒနယ် ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်လျှင် ရပ်တည်နိုင်ပေပြီ။ နိုင်ငံရေးပါတီ အသေးကလေးများအနေဖြင့် ပါတီစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဂရုတစိုက်မရှိပါက ပြဿနာမရှိနိုင်သေးသော်လည်း အစိုးရဖွဲ့နိုင်သည့်ပါတီ၊ အဓိက အတိုက်အခံ ပါတီနှင့် လွှတ်တော်တွင်း အမတ်နေရာ အတန်အသင့်ရရှိထားသည့် တိုင်းရင်းသားပါတီများအနေဖြင့် ကောင်းမွန်သည့် ပါတီစီမံခန့်ခွဲရေးပေါ်လစီတရပ်ရှိရန် အရေးကြီးပေသည်။ ပါတီစီမံခန့်ခွဲရေး သို့မဟုတ် ပါတီတည်ဆောက်ရေးမူဝါဒကို  ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဖြင့် ဖော်ပြကြလေ့ရှိသည်။ ပါတီစီမံခန့်ခွဲပုံက သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ရောင်ပြန်ဟပ် နိုင်ငံရေးပါတီအသီးသီးတို့သည် မိမိအခြေစိုက်ရာ လူမှုအဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့ ကွဲပြားခြားနားသကဲ့သို့ မတူညီသော စိန်ခေါ်မှုများကို ရင်ဆိုင်ရလေ့ ရှိသည်။ သို့သော်လည်း ဘုံတူညီချက်တခုရှိပြီး၊ ၎င်းမှာ ပါတီစီမံခန့်ခွဲမှုပုံစံသည် ၎င်းတို့ တည်ရှိရာ လူ့အဖွဲ့အစည်း၏ နိုင်ငံရေးစနစ်နှင့် ဆက်စပ်နေသည်ဆိုသည့်အချက် ဖြစ်သည်။ ပါတီကို စီမံခန့်ခွဲပုံလွဲမှားခြင်းနှင့် အာဏာကို တလွဲအသုံးချခြင်းများက ၎င်းပါတီအတွင်းမှာရော ပါတီကို aထာက်ခံနေသည့် နိုင်ငံသားများအပေါ်မှာပါ မကောင်းသည့် သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်လေရာ နိုင်ငံရေးပါတီအားလုံးအနေဖြင့်  မိမိတို့ ကိုယ်စားပြုရာ လူ့အဖွဲ့အစည်းရှိ နောက်ဆုံးအပြောင်းအလဲများ၊ စိန်ခေါ်မှုများနှင့် အံဝင်ခွင်ကျဖြစ်စေရန် ကောင်းမွန်သော စီမံခန့်ခွဲမှုပုံစံကို ရှာဖွေလျက် မူဘောင်ကျအောင် ကြိုးစားကြရန် အရေးကြီးလှပေသည်။ ဥပမာအားဖြင့် ယခုအခါ တရုတ်ပြည်ကွန်မြူနစ်ပါတီသည် ပါတီပိုင်းဆိုင်ရာ စီမံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ ပြဿနာအမြောက်အမြား ရင်ဆိုင်နေရပေသည်။ ထိုပြဿနာများထဲတွင် အကျင့်ပျက် ခြစားမှုနှင့် အလွန်အကျွံသုံးစွဲခြင်းမျိုးကို မည်သို့ကာကွယ်ထိန်းချုပ်ကြရမည် ဆိုသည့်ပြဿနာနှင့် လူမှုပတ်ဝန်းကျင်သစ်ရှိ ပြည်သူအများစုကြီး၏ အကျိုးစီးပွားကို မည်သို့ ကိုယ်စားပြုရမည်နည်း ဆိုသည်တို့ ပါဝင်လေသည်။ ထို့နည်းတူစွာပင် အမေရိကန်နိုင်ငံ၏ ဒီမိုကရက်တစ်ပါတီသည်လည်း ပါတီကိုယ်စားပြု သမ္မတလောင်း ရွေးချယ်ပုံနှင့်ပတ်သက်သည့် စည်းမျဉ်းများမှာ လူ့အခွင့်အရေးလှုပ်ရှားမှုနှင့် ဗီယက်နမ်စစ်ပွဲကြောင့် ၁၉၇၂ ခုနှစ်မှစ၍ များစွာ အပြောင်းအလဲ လုပ်ခဲ့ရသည်။ အမေရိကန်နိုင်ငံရေးစနစ်နှင့် ပါတီကြီးနှစ်ခု၏ လျော့ရဲရဲခေါင်းဆောင်မှု အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေးပါတီများမှာ အခြားသောနိုင်ငံများရှိ ပါတီများနှင့် မတူပေ။ ပါတီအဖွဲ့အစည်းများသည် သမ္မတရွေးချယ်သည့်စနစ်နှင့်ရော၊ အစိုးရအဖွဲ့အစည်းနှင့်ပါ လျော့ရဲသော ဆက်သွယ်မှုသာရှိကြသဖြင့် သြဇာရှိသော်လည်း အာဏာပါဝါမရှိချေ။ ဥပမာအားဖြင့် ဒီမိုကရက်တစ်ပါတီကို နမူနာအဖြစ်ကြည့်လျှင်  ပါဝင်နိုင်မှု၊ ကိုယ်စားပြုမှုနှင့် ဒီမိုကရေစီကျရေး စသော အခြေခံမူများကို အာမခံသည့် ပါတီ၏ စည်းမျဉ်းများ၊ ပါတီဖွဲ့စည်းပုံများသည် သမ္မတလောင်း အမည်စာရင်းတွင်သွင်းသည့် လုပ်ငန်းစဉ်ကို ဗဟိုပြုလျက်ရှိသည်။ ထို့အပြင် ပါတီ၏အရေးပါမှုနှင့် အာဏာရှိမှုမှာ ပါတီ၏ ဆိုင်းဘုတ်အောက်မှ ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းကို ထောက်ပံ့ရမည့် ရန်ပုံငွေ ရှာဖွေပေးနိုင်မှုအပေါ်တွင်သာ မူတည်သည်။ ပါတီအနေဖြင့် ရန်ပုံငွေရှာဖွေရာတွင် ကိုယ်စားလှယ်လောင်း၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ရန်ပုံငွေ ပိုမိုရရှိနိုင်သည်။ ထို့အပြင် ကိုယ်စားလှယ်လောင်းများအား နည်းပညာ၊ ကျွမ်းကျင်မှုနှင့် နိုင်ငံရေးအရ ထောက်ကူမှုတို့ဖြင့် ဝိုင်းဝန်းကူညီသည်။ သို့သော် ထိုသို့ထောက်ပံ့မှုသည် ကိုယ်စားလှယ်လောင်း အဆိုတင်သွင်းခြင်းကို လည်းကောင်း၊၊ ရွေးကောက်ပွဲအပေါ်ကိုသော် လည်းကောင်း သြဇာသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။ ဤသို့သော အဖြစ်အပျက်များမှာ ရီပတ်ဘလီကင်ပါတီတွင်လည်း ဖြစ်ပွားသည်။ ပါတီတွင်းမှ အမြင်မတူသော ပုန်ကန်သည့် တီးပါတီ ကိုယ်စားလှယ်လောင်းများက ပါတီတွင်းပြိုင်ပွဲတွင် ရီပတ်ဘလီကင်အရင့်မာကြီးများနှင့် လက်ရှိအုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်ထမ်းဆောင်နေရသူများကို အနိုင်ရလိုက်သည့် သာဓကများ ရှိခဲ့သည်။ ယခု နောက်ဆုံးရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကို သူ၏မိခင်ပါတီ ရီပတ်ဘလီကင် ခေါင်းဆောင်များကိုယ်၌က သဘောမကျ၊ မထောက်ခံကြသည့်ပုံစံမှာ အထင်ရှားဆုံးသာဓက ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကင်ပါတီတို့တွင် ကွဲပြား ခြားနားသော အခြေခံ အိုင်ဒီယိုလော်ဂျီများ ရှိကြပါသည်။ ရီပတ်ဘလီကင်ပါတီ၏ လက်ရှိအိုင်ဒီယိုလိုဂျီမှာ အမေရိကန်ရှေးရိုးစွဲဝါဒ ဖြစ်သည်။ ပါတီ၏ အခြေခံမူဝါဒတွင် လွတ်လပ်သော အရင်းရှင်ဈေးကွက်စီးပွားရေး၊ ရှေးရိုးစွဲအခွန်အကောက်စနစ်၊ အားကောင်းသောကာကွယ်ရေး၊ စည်းမျဉ်းစည်းကမ်းများ ဖြေလျော့ရေးနှင့် အလုပ်သမားသမဂ္ဂများအပေါ် တင်းကျပ်ရေးတို့ ပါဝင်သည်။ ထို့အပြင် ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေးနှင့် လိင်တူ လက်ထပ်ထိမ်းမြားခွင့် ဆန့်ကျင်ရေး စသည်ကဲ့သို့ ရှေးရိုးစွဲတန်ဖိုးများ ထိန်းသိမ်းရေးတို့လည်း ပါဝင်သည်။ ဒီမိုကရက်တစ်ပါတီ၏ မော်ဒန်လစ်ဘရယ်ဝါဒမှာ လူမှုရေးနှင့် စီးပွားရေး တန်းတူညီမျှရေးတို့ဖြင့် ပြည်တော်သာနိုင်ငံတော် (welfare state) ဖော်ဆောင်ရေး ဖြစ်သည်။ အဆိုပါအိုင်ဒီယိုလိုဂျီအရ စီးပွါးရေးကဏ္ဍတွင် အစိုးရက ဝင်ရောက်ထိန်းချုပ်ခြင်း၊ စွက်ဖက်ခြင်းတို့ ဆောင်ရွက်မည်။ အဆိုပါစွက်ဖက်မှု ဆိုသည်မှာ လူမှုရေးအစီအစဉ်များ ချမှတ်လုပ်ဆောင်ခြင်း၊ အလုပ်သမားသမဂ္ဂများကို ထောက်ပံ့ခြင်း၊ ကောလိပ်ကျောင်းလခများ လျှော့ချခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်များ ပြည်သူအများ လက်လှမ်းမီစေရေး၊ စားသုံးသူအခွင့်အရေး ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ကို ပါတီစီးပွားရေးပေါ်လစီ၏ အမတေအဖြစ်ထားခြင်း ဖြစ်သည်။ ပါတီကြီးနှစ်ခုအနေဖြင့် ထိုသို့ မတူညီသော အခြေခံ အိုင်ဒီယိုလော်ဂျီများ အသီးသီး ရှိသော်လည်း အသေးစိတ် ပေါ်လစီမူဝါဒများကို ပါတီညီလာခံက ဆုံးဖြတ်ချမှတ်ခြင်း မဟုတ်ဘဲ သမ္မတလောင်းတဦးချင်းက မိမိ သမ္မတဖြစ်ခဲ့လျှင် မည်သည့်ကဏ္ဍတွင် မည်သို့ဆောင်ရွက်မည် စသဖြင့် ပြည်သူလူထုကို ချပြရင်း မဲဆွယ်စည်းရုံးကြရခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ ပါတီခေါင်းဆောင်များ ကြိုက်နှစ်သက်သည့် မူဝါဒများ ဖြစ်နေရန် အရေးမကြီးဘဲ မဲဆန္ဒရှင်ပြည်သူလူထု၏ ထောက်ခံမှုကသာ အရေးကြီးကြောင်းကိုလည်း ယခု နောက်ဆုံး အရွေးချယ်ခံ သမ္မတဒေါ်နယ်ထရမ့်အဖြစ်အပျက်က သာဓကပြခဲ့သည်။ သို့ဖြစ်၍ အကျိုးဆက်အားဖြင့် အနိုင်ရကိုယ်စားလှယ်များ (ရာထူးရပုဂ္ဂိုလ်များ) က ပါတီခေါင်းဆောင်များအပေါ် တလေးတစား မရှိကြတော့ပေ။ မိခင်ပါတီအနေဖြင့် သူတို့၏ နိုင်ငံရေးကံကြမ္မာကို မခြယ်လှယ်နိုင်ကြောင်း သဘောပေါက်သည့်အားလျော်စွာ သူတို့သည် အမတ်များအနေဖြင့် လွှတ်တော်တွင်း လွတ်လပ်စွာ မဲပေးကြလေသည်။ များသောအားဖြင့် မိမိကို ရွေးချယ်တင်မြှောက်လိုက်သည့် မဲဆန္ဒနယ်အကျိုးစီးပွါးကို အဓိကစဉ်းစား မဲပေးကြလေ့ရှိသည်။ နိုင်ငံအတော်များများတွင်မူ ထိုသို့ ပြုမှုကြခြင်းကို အားနည်းသည့် နိုင်ငံရေးပါတီအဖြစ် မှတ်ယူကြပေလိမ့်မည်။ အမေရိကန်ပြည်ထောင်စုတွင်မူ လွတ်လပ်စွာ သဘောကွဲလွဲခွင့်နှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ဦးစားပေးသဖြင့် ပါတီ၏ မူဝါဒများကို သဘောမတူခြင်းဖြင့် ပါတီမှ ထုတ်ပယ်ခြင်း၊ အရေးယူခြင်း မပြုလုပ်ကြပေ။ ပါတီတွင်း အခြေခံပြိုင်ပွဲများတွင်  ကိုယ်စားလှယ်လောင်းများက မိမိတို့၏ ကိုယ်ပိုင်အယူအဆ၊ မူဝါဒများကို ပါတီဝင်မဲဆန္ဒရှင်များအား တင်ပြ၍ စည်းရုံးကြခြင်းဖြင့် ပါတီတွင်း ယှဉ်ပြိုင်ကြသည်။ သဘောထားကွဲလွဲမှုများမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အဖြစ်သာ မှတ်ယူလေသည်။ ပါတီစုံစနစ်ကျင့်သုံးပြီဆိုသော်လည်း ကျနော်တို့နိုင်ငံမှာ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တပါတီ ဦးဆောင်သည့် နိုင်ငံရေးစနစ် ရှိခဲ့သည်။ သို့ဖြစ်၍ တရုတ်၊ ဗီယက်နမ်၊ ကျူးဘား စသော ဆိုရှယ်လစ်နိုင်ငံများ၏ ကွန်မြူနစ်ပါတီ စီမံခန့်ခွဲပုံများနှင့် ဆင်ဆင်တူစွာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စီမံခန့်ခွဲခဲ့ကြသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည့်အခါ အသစ် ဖွဲ့စည်းတည်ထောင်လိုက်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှိသကဲ့သို့ အဟောင်းများ ဖြစ်ကြသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဲ့သို့သော ပါတီကြီးများနှင့် တိုင်းရင်းသားပါတီအများအပြား ပေါ်ထွက်လာသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသော နိုင်ငံရေးစနစ်မှာ သမ္မတအုပ်ချုပ်ရေးစနစ် ဖြစ်သော်လည်း သမ္မတကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ဘဲ လွှတ်တော်က ရွေးကောက်တင်မြှောက်ခြင်း ဖြစ်လေသည်။ သို့ဖြစ်လေရာ ဝန်ကြီးချုပ် အုပ်ချုပ်သော ပါလီမန်စနစ်လက္ခဏာများရော၊ သမ္မတအုပ်ချုပ်ရေးစနစ်လက္ခဏာများပါ ပါဝင်နေလေသည်။ ထိုသို့ သမိုင်းရေးအဆက်အစပ်နှင့် မျက်မှောက်နိုင်ငံရေးအခြေအနေတို့အရ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ၏ဖွဲ့စည်းပုံမှာ ဆိုရှယ်လစ်တပါတီခေတ်က ဖွဲ့စည်းပုံများအတိုင်း ရှိနေပေလိမ့်ဦးမည်။ ပါတီတည်ဆောက်ပုံ ပါတီတည်ဆောက်ပုံကို ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင် ဖော်ပြလေ့ရှိသည်။ ယေဘုယျအားဖြင့် အခြေခံ ရပ်/ကျေးယူနစ်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့်ဟူ၍ အစိုးရအုပ်ချုပ်ရေးအဆင့်များအတိုင်း ပိုင်းခြားထားသည်။ အဆိုပါအဆင့်အသီးသီးတွင် ကော်မတီအသီးသီး ရွေးချယ်တင်မြှောက်ပြီး အဆင့်ဆင့် အုပ်ချုပ်သည်။ ကော်မတီအသီးသီးက နေ့စဉ်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် အခက်အခဲရှိသည့်အတွက် ကော်မတီအဆင့်ဆင့်တွင် အလုပ်အမှုဆောင်ကော်မတီများ ရွေးချယ်လွှဲအပ်လေ့ရှိသည်။ ပါတီတွင် အာဏာအပိုင်ဆုံး၊ အမြင့်ဆုံးအဖွဲ့အစည်းမှာ ပါတီ ညီလာခံပင် ဖြစ်သည်။ ပါတီညီလာခံက ဗဟိုကော်မတီသစ်ကို ရွေးကောက်တင်မြှောက်ခြင်း၊ ရှေ့ဆက်သွားမည့် လမ်းစဉ်မူဝါဒများကို အတည်ပြုခြင်း၊ ပါတီ၏ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပါတီတွင်း အရေးယူအပစ်ပေးခံရသည့် ပါတီဝင်များ၏ အယူခံအမှုများကို ကြားနာအဆုံးအဖြတ်ပေးခြင်းတို့ ပြုလေ့ရှိသည်။ ဗဟိုကော်မတီကို ရွေးချယ်တင်မြှောက်ပြီးသည့်အခါ ဗဟိုကော်မတီက စည်းဝေးဆုံးဖြတ်ပြီး ဗဟိုကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးချုပ်နှင့် အလုပ်အမှုဆောင်အဖွဲ့ကို ရွေးကောက်တင်မြှောက်သည်။ ထို့ပြင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီကိုလည်း ရွေးကောက်တင်မြှောက်လေ့ရှိသည်။ ပါတီတွင်းဒီမိုကရေစီကျင့်သုံးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း ပါတီတွင်း ဒီမိုကရေစီကျင့်သုံးခြင်းတွင် အဆင့်ဆင့် ပါတီညီလာခံများ ကျင်းပခြင်း (အမည်စာရင်း တင်သွင်းခြင်းနှင့် ရွေးကောက်တင်မြှောက်ခြင်း အပါအဝင်)၊ အောက်ခြေပါတီဝင်များ၏ အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် ဒီမိုကရေစီနည်းကျ စုပေါင်း ခေါင်းဆောင်မှုစနစ်ကို ထူထောင်ခြင်း စသည်တို့ ပါဝင်သည်။ ပါတီတွင်း ဒီမိုကရေစီအပြည့်အဝရရှိရေးမှာ လွန်စွာ အရေးကြီးသည်။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ပြောဆိုဆွေးနွေးခွင့် ရှိရမည့်အပြင် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အနည်းစုက အများစုကို နာခံဆိုသည့်မူကို ခိုင်မြဲစွာ ကျင့်သုံးရမည်။ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး စသည့် ထိပ်တန်းခေါင်းဆောင်တဦး၏ သဘောထားအမြင်ဖြစ်သဖြင့် သဘောမတူချင်သော်လည်း အားနာ၍သော်လည်းကောင်း၊ ကြောက်၍သော်လည်းကောင်း သဘောတူညီပေးလိုက်ရခြင်းမျိုးမှာ ဒီမိုကရေစီ မဟုတ်ပေ။ ရေရှည်တွင် အန္တရာယ်များသည်။ ပါတီတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်ရုံမက ခေါင်းဆောင်သူက အာဏာရှင်ဆန်လာတတ်သည်။ ပါတီစည်းလုံးညီညွတ်ရေးကို (Democratic centralism) ဒီမိုကရက်တစ် ဗဟိုစုစည်းမှုဖြင့် ဖော်ဆောင်သည်။ ပါတီတွင်းဒီမိုကရေစီ အပြည့်အဝ ကျင့်သုံးနိုင်မှသာ ဗဟိုစုစည်းမှုအတွက် အားရှိမည် ဖြစ်သည်။ ပါတီတွင်းဒီမိုကရေစီကျင့်သုံးမှသာ ပါတီဝင်များ၏ တက်ကြွမှု၊ ထိုးထွင်းကြံဆမှု၊ စိတ်ပျော်ရွှင်စွာ ဦးစီးဦးဆောင်ပြုမှုတို့ ထွန်းကားလာမည့်အပြင် ပါတီ၏ ဒီမိုကရေစီနည်းကျစုပေါင်းဆုံးဖြတ်မှုနှင့် ခေါင်းဆောင်မှုကို တက်တက်ကြွကြွ လိုက်နာလိုစိတ် ရှိပေလိမ့်မည်။ ပြောင်းပြန်အားဖြင့် ပါတီတွင်းဒီမိုကရေစီမရှိလျှင် မတက်မကြွဖြစ်ခြင်း၊ မိမိအမြင်အယူအဆများကို ထုတ်ဖော်ပြောဆိုရန် ဝန်လေးစိုးရိမ်ခြင်း၊ အမြင်တူသည့် စိတ်ချယုံကြည်သူအချင်းချင်း တီးတိုးဝိုင်းကလေးများ ပေါ်လာလျက် ဂိုဏ်းဂဏဖွဲ့ကာ စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း စသည်တို့ ဖြစ်လာတတ်သည်။ ဒီမိုကရက်တစ် ဗဟိုစုစည်းမှုစနစ်၏ အခြေခံမူများမှာ (၁) တဦးချင်းက အဖွဲ့အစည်းကို နာခံရမည်။ (၂) အောက်အဆင့်က အထက်အဆင့်ကို နာခံရမည်။ (၃) တပါတီလုံးက ဗဟိုကော်မတီကို နာခံရမည်။ (၄) ဗဟိုကော်မတီက ပါတီညီလာခံကို နာခံရမည်။ (၅) ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အနည်းစုက အများစုကိုနာခံ ဆိုသည့် စုပေါင်းခေါင်းဆောင်မှုစနစ်ကို လိုက်နာရမည်။ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီအနေဖြင့် ဒီမိုကရက်တစ် ဗဟိုစုစည်းမှုစနစ်ကို ပါတီအခြေခံဖွဲ့စည်းပုံစည်းမျဉ်းမှ ဖယ်ထုတ်လိုက်သည့်အခါ ပါတီမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရကြောင်း တရုတ်ခေါင်းဆောင် တိန့်ရှောက်ဖင်က ထောက်ပြခဲ့ဖူးလေသည်။   ရဲထွန်း (သီပေါ ) စာကိုး : Modern political party management – What can be learned from international practices           By Catrina Schläger and Judith Christ          : Wikipedia အွန်လိုင်းစွယ်စုံကျမ်း
5 years Ago
Up