ကေစီဒီ ပီးကောလ်ဟာ အသက် ၂၇ နှစ်အရွယ်သာ ရှိသေးပေမယ့် နိုင်ငံပေါင်း ၁၈၀ ကို ဖြတ်သန်းကာ ခရီးသွားလာခဲ့ပြီးပါပြီ။
သူ့ရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံပေါင်း ၁၉၆ နိုင်ငံကို ဖြတ်သန်းပြီး ကမ္ဘာ့အမြန်ဆုံး အမျိုးသမီးတဦးအဖြစ် မှတ်တမ်းတင်နိုင်ဖို့ပါ။
သူဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှဖြစ်ပြီး သူ့ရဲ့ ဒီခရီးစဉ်တွေကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လကမှ စတင်ခဲ့တာလို့ မေရာသတင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့က ဖော်ပြပါတယ်။
သူ့ရဲ့ ၂၅ နှစ်မြောက်မွေးနေ့က စတင်ပြီး ဘဝရဲ့ ရည်မှန်းရာခရီးစဉ်တခုအဖြစ် “ရှာဖွေခြင်းခရီးစဉ် ၁၉၆” အမည်နဲ့ ခုလို ခရီးတွေ သွားခဲ့တာပါ။
လက်ရှိမှာတော့ သူဟာ ခရီးစဉ် ၁၈၀ ကို သွားခဲ့ပြီးပြီမို့ ရည်မှန်းချက်အတိုင်း ခရီးထွက်စရာ ၁၆ နေရာ ကျန်နေပါသေးတယ်။
ဒီခရီးတွေအတွက် ကေစီဟာ အမေရိကန်ဒေါ်လာ ၁ သိန်း ၉ သောင်း ၈ ထောင် ကုန်ကျခဲ့တာပါ။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေး သံတမန်တဦးဖြစ်တဲ့ ကေစီဟာ သူ့ရဲ့ လုပ်ဆောင်ချက်တစိတ်တပိုင်းအဖြစ် ရောက်တဲ့နိုင်ငံတွေက ခရီးသွားလုပ်ငန်း ဆိုင်ရာ အထူးပြုကျောင်းသားတွေနဲ့ ခရီးသွားလာမှုနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာပါ။
“ကျမက ကျောင်းတုန်းကတည်းက တကမ္ဘာလုံးက နိုင်ငံတွေတိုင်းကို လည်ပတ်ချင်ခဲ့တာ ပါ။ ယဉ်ကျေးမှု၊တွေ၊ သဘာဝရင်းမြစ်တွေနဲ ဘာသာတရားတွေကိုလည်း လေ့လာနိုင်တယ်လေ” လို့ သူက ပြောပါတယ်။
သူဟာ နိုင်ငံတနိုင်ငံချင်းစီ ခရီးသွားချိန်မှာ ၂ ရက်ကနေ ၅ ရက်ရှိ နေခဲ့တာလို့ ဆို ပါတယ်။
AIG, Artisan Bags, Dogeared, Eagle Creekနဲ့ Clif Bar တို့လို လုပ်ငန်းတွေက ကေစီရဲ့ ခရီးစဉ်တလျှောက် ပံ့ပိုးပေးခဲ့ကြတာပါ။
နောက်ပြီး သူ့ရဲ့ ခရီးစဉ်တလျှောက် ပညာပေးဆိုင်ရာ ခရီးသွားဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ထုတ်လုပ်မှုအတွက်လည်း ရည်ရွယ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
“ကျမဟာ ကမ္ဘာ့နိုင်ငံတွေအားလုံးကို သွားခဲ့ဖူးတဲ့ အမျိုးသမီးတဦးအဖြစ် လက်ရှိမှာ မှတ်တမ်းမတင်နိုင်သေးပေမယ့် ဒီကြိုးစားအားထုတ်မှုတွေကို ကြံ့ကြံ့ခံနိုင်ပြီး ကျော်ဖြတ်နိုင်ဖို့ ယုံကြည်နေပါတယ်။”
4 years Ago