နိုင်ငံတော်အဆင့်

February 2, 2017

အစားအသောက်များ ဘေးကင်းလုံခြုံရေး နိုင်ငံတော်အဆင့် စီမံချက်ချ လုပ်ဆောင်တော့မည်

  နိုင်ငံတ၀န်း အစားအသောက်များ ဘေးကင်းလုံခြုံစေဖို့ နိုင်ငံတော်အဆင့် စီမံချက်တရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးရေးအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါ တယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်ရဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဒီနေ့မှာ ထောက်ခံဆွေးနွေးခဲ့ကြပြီး ကျန်းမာရေး ၀န်ကြီးကလည်း ထောက်ခံ ဆွေးနွေးခဲ့တာကြောင့် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုရှင်က ကျောင်းမုန့်ဈေးတန်းမှာရောင်းတဲ့ အစားအသောက်တွေနဲ့ ဆိုးဆေးပါတဲ့ အစားအသောက်များကို စီမံချက်ချလုပ်ဆောင်ဖို့ တင်ပြခဲ့ပေမယ့် ကျန်းမာရေးဝန်ကြီးက တနိုင်ငံလုံးမှာရှိတဲ့ အစားအသောက်တွေအားလုံး ဘေးကင်းလုံခြုံအောင် လုပ်ဆောင်မယ်လို့ လွှတ်တော်ထဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက “အစားအသောက်မှာ ဆိုးဆေး တခုတည်း မဟုတ်ဘူး။ အများကြီး ပါနိုင်ပါသေးတယ်။ ကျနော် ဆိုလိုတာက နိုင်ငံတော်အဆင့် လုပ်မယ်ဆိုရင် ဆိုးဆေးတခုတည်းကို အထူးမပြုဘဲနဲ့ ကျန်တဲ့ဟာတွေ အကုန်ပါပြီးတော့ Food Safety issue အနေနဲ့ လုပ်မယ်ဆိုရင် ငွေကုန်ရကျိုးလည်း နပ်မယ်။ အရမ်းလည်း ကောင်းပါတယ်” လို့ လွှတ်တော်ထဲ ပြောခဲ့ပါတယ်။ နိုင်ငံတော်အဆင့် စီမံချက်ရေးဆွဲပြီး ပြည်နယ်တိုင်းများမှာပါ တပါတည်း လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးက ဘေးမကင်းတဲ့ အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အရေးယူလို့ မရဘူးလို့လည်း ပြောသွားပါတယ်။ ဘေးမကင်းတဲ့ အစားအသောက်များကို စီမံချက်ရေးဆွဲပြီး လုပ်ဆောင်ရာမှာ အဓိက ပညာပေးလုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
5 years Ago

September 28, 2016

နိုင်ငံတော်အဆင့် ကျောင်းသားအားကစားပွဲ ပြန်လုပ်မည်

ကျောင်းသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့် ပြန်လည်ကျင်းပ ပြုလုပ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ကျောင်းသားလူငယ် အားကစားပွဲများကို နိုင်ငံတော်က ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုယ်စားလှယ် ၂ ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားရင်း သူက ပြောခဲ့တာ ဖြစ်ပါတယ်။ “ကျောင်းသားလူငယ်အားကစားပွဲတော်အား ပြန်လည်ကျင်းပနိုင်ရေးအတွက် ယခု ပညာသင်နှစ်တွင် သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပပေးလျက်ရှိပြီး အားကစားပြိုင်ပွဲအမျိုးအစားတိုးချဲ့၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် စီမံချက်ရေးဆွဲပြုစုလို့ ခွင့်ပြုရန်ပုံငွေဖြင့် အစဉ်အလာ စွမ်းရည်ကောင်းသော အားကစားပြိုင်ပွဲများအတွက် ပညာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။” ၂၀၁၈ ခုနှစ်မှာလုပ်မယ့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်တယ်လို့လည်း ၀န်ကြီးက လွှတ်တော်ထဲ ပြောခဲ့ပါတယ်။ ကျောင်းသားအားကစားပွဲတော်များကို ၁၉၉၁ ခုနှစ်ကနေ ၁၉၉၈ အထိ ၈ ကြိမ်တိုင် ပြည်နယ်တိုင်းများမှာ အလှည့်ကျ ပြုလုပ်ပေးခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နေပြည်တော်မှာ နှစ်ကြိမ် ပြုလုပ်ခဲ့ဖူးပြီး အဲဒီ အားကစားပွဲတော်တွေကနေ ထူးချွန်တဲ့ အားကစားသမား ပေါ်ထွက်မှုကတော့ နည်းပါးပါတယ်။
5 years Ago
Up