နိုင်ငံတကာပွဲ အတွေ့အကြုံ

February 23, 2017

နိုင်ငံတကာပွဲ အတွေ့အကြုံ နည်းနေမှုကြောင့် မြန်မာ့လက်ဝှေ့ အခက်အခဲများရှိနေ

ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်နေတဲ့ မြန်မာလက်ဝှေ့အဖွဲ့ဟာ နိုင်ငံတကာပြိုင်ပွဲနဲ့ ဝေးနေတာကြောင့် အခက်အခဲ တွေ့နေပါတယ်။ မြန်မာလက်ဝှေ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပွဲ ယှဉ်ပြိုင်ထိုးသတ်ရခြင်း မရှိသေးတာပါ။ မြန်မာလက်ဝှေ့အဖွဲ့အနေနဲ့ လေ့ကျင့်မှုတွေပဲ ပြုလုပ်နေတာဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ကစားသမား စုစုပေါင်း ၂၀ ကျော်ကို ကာဇက်စတန် နည်းပြတဦးနဲ့ လေ့ကျင့်နေပါတယ်။ မြန်မာလက်ဝှေ့အဖွဲ့ဟာ ဆီးဂိမ်းမတိုင်ခင် တရုတ်နိုင်ငံမှာ သွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် ကာဇက်စတန်နိုင်ငံမှာ ကျင်းပမယ့် လက်ဝှေ့ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်တာက ကစားသမားတွေအတွက် ပိုပြီး အတွေ့အကြုံရမယ်လို့ ကာဇက်စတန်နည်းပြက ပြောပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစရိတ်မရှိတာကြောင့် နိုင်ငံတော်အစိုးရ အစီအစဉ်ဖြစ်တဲ့ Government to Government အရ တရုတ်နိုင်ငံမှာပဲ သွားရောက်လေ့ကျင့်ရဖို့ များနေတယ်လို့ မြန်မာနည်းပြချုပ် ဦးတင်မောင်ဖေက ပြောပါတယ်။ မြန်မာလက်ဝှေ့သမားတွေအနေနဲ့ ပင်ကိုယ်အရည်အချင်း ကောင်းမွန်ပေမယ့် နိုင်ငံတကာပြိုင်ပွဲတွေမှာ စေလွှတ်ယှဉ်ပြိုင်မှု နည်းပါးတာကြောင့် ပြိုင်ပွဲအတွေ့အကြုံပိုင်းမှာ ပြိုင်ဘက်နိုင်ငံတွေထက် တပန်းရှုံးနိမ့်စေတယ်လို့ လက်ဝှေ့နည်းပြတွေနဲ့ ကစားသမားတွေက ဆိုပါတယ်။ လာမယ့် သြဂုတ်မှာစတင်မယ့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ အပြည်ပြည်ဆိုင်ရာ လက်ဝှေ့ကနေ အမျိုးသားပြိုင်ပွဲတမျိုးတည်းပဲ ထည့်သွင်းကျင်းပမှာဖြစ်ပြီး စုစုပေါင်း ဝိတ်တန်း ၆ တန်းမှာ ၄ တန်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်
4 years Ago
Up