နိုင်ဂျီးရီးယားနိုင်ငံမှာ ပလတ်စတစ်ဆန်အတု အလေးချိန် ၂ ဒသမ ၅ တန်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အကောက်ခွန်အရာရှိတွေက ပြောပါတယ်။
လာဂို့စ်မြို့ အကောက်ခွန်ဦးစီးဌာန အကြီးအကဲ ဟာရူနာ မာမူဒါက ဒီဆန်တုတွေဟာ ခရစ္စမတ်ပွဲတော်ရာသီမှာ ဈေးကွက်တွင်း ရောင်းချနိုင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဆန်တုတွေဟာ ချက်ပြီးတဲ့အခါ အရမ်းကို စီးကပ်လွန်းပြီး လူတွေစားမိရင် ဘာဖြစ်မလဲဆိုတာကတော့ ဘုရားသခင်မှသာ သိနိုင်မယ်လို့ သူက ပြောပါတယ်။
ဒီဆန်တုအိတ်တွေဟာ ဘယ်ကပြန့်လာသလဲဆိုတာကို မသိနိုင်ပေမယ့် မနှစ်ကတော့ တရုတ်နိုင်ငံမှာ ပလတ်စတစ်ဆန်တုတွေကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဒီဇင်ဘာ ၂၁ ရက် ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံဟာ ဆန်ကို အဓိကအစားအစာအဖြစ် စားသုံးတဲ့နိုင်ငံထဲမှာ ပါဝင်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ဆန်တုတွေကို ဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်နေပြီး ဘာတွေပါဝင်တယ်ဆိုတာကို ဆက်လက်စစ်ဆေးသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သက်ဆိုင်ရာကတော့ ဒီပလတ်စတစ်ဆန်တုတွေကို စားသုံးခြင်းမပြုဖို့ အများပြည်သူတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားရတာပါ။
နိုင်ဂျီးရီးယားနိုင်ငံမှာ ပလတ်စတစ်ဆန်တုတွေ တွေ့ရှိရတယ်ဆိုတာ တကယ့်ကို ရှားရှားပါးပါးဖြစ်ပြီး ဒီတံဆိပ်နဲ့ဆန်တွေ ဈေးကွက်ထဲ ရောက်ရှိခဲ့ပြီလားဆိုတာကိုတော့ သတင်းမထုတ်ပြန်နိုင်သေးပါဘူး။
6 years Ago