နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ ဈာပနအခမ်းအနားကနေ ပြန်လာတဲ့ လူတစုကို သံသယရှိဖွယ် အစ္စလာမ္မစ် စစ်သွေးကြွတွေ တိုက်ခိုက်တာကြောင့် လူ ၆၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ သတင်းဌာနက ဇူလိုင် ၂၈ ရက်မှာ ပြောပါတယ်။
ဒါဟာ မကြာသေးခင် နှစ်တွေအတွင်း နိုင်ဂျီးယားနိုင်ငံမှာ အရပ်သား အသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေက တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒဏ်ရာရသူတွေလည်း များတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး မိုဟာမက် ဘူလာမာက ပြောပါတယ်။
နိုင်ဂျီးရီးယားသမ္မတ မူဟမ်မာဒူ ဘူဟာရီက အဲဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။ ဒါပေမယ့် ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့နဲ့ အနောက်အာဖရိက အခြေစိုက် အိုင်အက်စ်အဖွဲ့ (ISWA) တို့ဟာ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ မကြာခဏ တိုက်ခိုက်လေ့ ရှိပါတယ်။
ဘော်နိုပြည်နယ်ဟာ ဘိုကိုဟာရမ်နဲ့ ISWA စစ်သွေးကြွအဖွဲ့တွေ အဓိကလှုပ်ရှားတဲ့ ဗဟိုချက် ဖြစ်ပါတယ်။
နိုင်ငံတွင်း ဆယ်စုနှစ်တခုကြာ အဲဒီစစ်သွေးကြွတွေရဲ့ ပုန်ကန်မှုတွေကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး သန်းချီတဲ့ နိုင်ငံသားတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
2 years Ago